(004SS)
ချင်းပြည်နယ် ဇိုတုန်ဒေသအတွင်း ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် ၁၂ ဘီးနှင့် ၁၀ ဘီး ယာဉ်ကြီးများ အောက်တို ဘာလ ၁၇ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်း ပြန်လည်သွားလာနိုင်ပြီဟု သိရသည်။
ပြီးခဲ့သည့် ဇွန်လ က လမ်းပျက်စီးမှု သက်သာစေရန်အတွက် ၁၂ ဘီးနှင့် ၁၀ ဘီး ကုန်တင်ကားများကို ဇွန်လ ၂၀ ရက်နေ့မှ သြဂုတ်လအထိ မြေပြန့်မှ ရမ်းစီးကျေးရွာအထိသာ သွားလာရန် ကန့်သတ်ချက်အား ဇိုတုန်ဖက်ဒရယ်ကောင်စီက ထုတ်ပြန် ခဲ့သည်။
ယာဉ်ကြီးများသွားလာခွင့်ကို ၄ လအကြာကန့်သတ်ပြီးနောက် ယခုအခါ မိုးအကုန် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မိဘပြည်သူများ ပုံမှန်အတိုင်း ပြန်လည်သွားလာခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ဇိုတုန်ဒေသအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီက မိုးဆက်တိုက်ရွာသွန်းမှုကြောင့် လမ်းများ အလွန်အမင်း ပျက်စီးခဲ့ရာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှစတင်၍ ၄ လကျော်ကြာ စက်ယန္တရားများဖြင့် မိုးမရောက်မီ အချိန်မီ ပြန်လည်ပြုပြင်ခဲ့ရကြောင်း သိရသည်။
ထိုသို့ ပြုပြင်ရာတွင် စက်သုံးဆီဈေးနှုန်း မြင့်တက်မှုကြောင့် ရန်ပုံငွေ အခက်အခဲများ ကြုံတွေ့ခဲ့ရသော်လည်း လမ်းပြုပြင် ထိန်းသိမ်းရေးအတွက် ကျပ်သိန်းပေါင်း ၂၀၀၀ ကျော် အကုန်ကျခံကာ ဆောင်ရွက်ခဲ့ရကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီ၏ မှတ်တမ်းများအရ သိရသည်။
ထို့ပြင် ဇွန်လဆန်းပိုင်းကလည်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇိုတုန်ဒေသအတွင်း လမ်းအများအပြား၌ မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့သဖြင့် ခရီးသွားပြည်သူများနှင့် ကုန်တင်ကားများ ပုံမှန်သွားလာနိုင်ရေးအတွက် စက်ယန္တရားများ အဆင်သင့်ထားရှိကာ မြေပြိုမှုများကို အတတ်နိုင်ဆုံး ဖယ်ရှားပေးခဲ့ရကြောင်း ဇိုတုန်ဖက်ဒရယ်ကောင်စီ ထံမှ သိရသည်။
