ချင်းလူမျိုးအချင်းချင်းအကြား စည်းလုံးညီညွတ်မှုပျက်ပြားစေနိုင်သော သတင်းတု၊ သတင်းမှား နှင့် အမုန်းစကားများ လျှော့ချတားဆီးနိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုချင်းညွန့်ပေါင်းအဖွဲ့ (USCC) နှင့် လွတ်လပ်သော ချင်းမီဒီယာ ၁၀ ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ကြမည်ဟု အောက်တိုဘာ ၁၈ ရက်နေ့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲဆိုးကျိုးများကြောင့် ၅ နှစ်ကျော်ကာလအတွင်း ချင်းပြည်သူလူထုတရပ်လုံးသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်ခံစားနေကြရသည်ဟု ပူးတွဲကြေညာ ချက်တွင်ဖော်ပြသည်။
စစ်အာဏာသိမ်းမှု၏ သက်ရောက်မှုများစွာထဲမှ မိမိတို့အချင်းချင်းကြား စည်းလုံးညီညွတ်မှုပျက်ပြားစေသော သတင်း တု၊ သတင်းမှားနှင့် အမုန်းစကားများဖြန့်ဝေနေမှုများကို လျှော့ချတားဆီးရေး၊ အချင်းချင်းတွဲလက်ခိုင်မာစွာဖြင့် အတူ တကွလွတ်မြောက်ရေးနှင့် ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေးအတွက် United State Chin Coalition (USCC) နှင့် လွတ်လပ်သော ချင်းမီဒီယာ ၁၀ ဖွဲ့တို့သည် အတူတကွလက်တွဲကာ ပူးတွဲစီမံချက်များရေးဆွဲအကောင်အထည်ဖော် ရန် သဘောတူညီခဲ့ကြသည်ဟု သိရသည်။
လုပ်ငန်းစဉ်အသေးစိတ်များကို ပြည်သူလူထုထံ အဆင့်ဆင်ချပြကာ စတင်အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ပြီး ချင်းပြည်သူတစ်ရပ်လုံးအနေဖြင့် အချင်းချင်းသွေးကွဲစေမည့် သတင်းမှားနှင့် အမုန်စကားများကို အတူတကွ တားဆီးကြရန်လည်း ဖိတ်ခေါ်ထားသည်။
အမှန်တရားနှင့် စည်းလုံးညီညွတ်ရေးကို ရှေးရှုသော အဆိုပါလုပ်ငန်းစဉ်များတွင် ပြည်တွင်း/ပြည်ပရှိ ချင်းမီဒီယာများ အနေဖြင့် မိမိတို့တတ်စွမ်းနိုင်သည့်ကဏ္ဍအသီးသီးမှ ပူးပေါင်းပါဝင်လာကြရန်လည်း တိုက်တွန်းဖိတ်ခေါ်ထားကြောင်း သိရသည်။
အဆိုပါ ပူးတွဲကြေညာချက်ကို United States Chin Coalition (USCC) နှင့်အတူ လွတ်လပ်သော ချင်းမီဒီယာ ၁၀ ဖွဲ့ ဖြစ်သည့် Chin World၊ The Chinland Post၊ The Hakha Post၊ Kimo Media၊ Khonumthung Media Group ၊ The Kaladan Post၊ The Matupi Times၊ The Mindat Post၊ Tedim Times နှင့် Zalen သတင်းဌာနတို့က ပူးတွဲ ထုတ်ပြန်ခဲ့ကြခြင်းဖြစ်သည်။
