အမေရိကန်အစိုးရအနေဖြင့် စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်အရေးယူပေးရန် BRI တောင်းဆို
(006SV)
မဟာစည်ဆရာတော်ကြီး၏ မွေးရပ်ဇာတိမြေ၊ ဆိပ်ခွန်ကျေးရွာကို စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ရှောင်များ ရှိနေသော မဟာစည်ရိပ်သာကျောင်းကို ဗုံးထိမှန်ခဲ့ပြီး လူသေဆုံးမှု ရှိသည့်အပေါ် ပြင်းထန်စွာ ရှုတ်ချ ကြောင်း Burma Research Institute (BRI) က ယနေ့ အောက်တို ဘာလ ၁၄ ရက်မှာ ကြေညာသည်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ မဟာစည် သာသနာ့ရိပ်သာ ဘုန်းတော်ကြီးကျောင်းကို အာဏာသိမ်း စစ်တပ်က တိုက်လေယာဉ်ဖြင့် အောက်တိုဘာလ ၁၁ ရက် မနက် ၁၂ နာရီခန့်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင် ပြည်သူ ၂ ဦး သေဆုံးပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ရွှေဘိုမြို့နယ် ပအဖအဖွဲ့ကလည်း ထုတ်ပြန်ထားသည်။
“သန့်ရှင်းမွန်မြတ်တဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်ခြင်းဟာ စစ်တပ်က ပဋိပက္ခအတွင်း သာသနိက အဆောက်အအုံတွေကို ကာကွယ်စောင့်ရှောက်ပေးရမယ့် ၁၉၅၄ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်တွေကို ကာကွယ်ရေး Hague ကွန်ဗင်းရှင်းကို ချိုးဖောက်ခြင်းဖြစ်ပါတယ်။ နိုင်ငံတကာ ရာဇဝတ်တရားရုံးရဲ့ ရောမသဘောတူ စာချုပ်အရ စစ်ရာဇဝတ်မှု မြောက်တဲ့ လုပ်ရပ်တွေကို ကျူးလွန်ခြင်းဖြစ်တယ်။ အမေရိကန် သမ္မတ ထရန့်အနေနဲ့လည်း အဲဒီလို တိုက်ခိုက်မှုတွေကို လူသိရှင်ကြား ပြင်းထန်စွာ ရှုတ်ချပေးဖို့နဲ့ စစ်ရာဇဝတ်မှု မြောက်ကြောင်း သတ်မှတ်ပေးဖို့ တောင်းဆိုလိုပါတယ်” ဟု BRI ၏ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Pu Zo Tum Hmung က ပြောသည်။
မဟာစည် သာသနာ့ရိပ်သား ဘုန်းတော်ကြီးကျောင်းကို စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ဥပုသ်သီလ ယူနေသော သက်ကြီးရွယ်အိုနှင့် စစ်ဘေးရှောင်ပြည်သူများ ထိခိုက်မိသကဲ့သို့ ဓမ္မာရုံ၊ ရိပ်သာဆောင်နှင့် ဇရပ်များလည်း ပျက်စီးခဲ့သည်ဟု သိရသည်။
အာဏာသိမ်းစစ်တပ်သည် အဆိုပါဘုန်ကြီးကျောင်းကို ၎င်း၏ ဒေသအနီးဝန်းကျင်တွင် စစ်ရေးလှုပ်ရှားမှုနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၃ လုံး အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ရွှေဘိုမြို့နယ် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။
၁၉၅၄ Hague ကွန်ဗင်းရှင်းကို မြန်မာသည် အဆိုပါနှစ် ဒီဇင်ဘာလ ၃၁ ရက်မှာ လက်မှတ်ထိုးခဲ့ပြီး ၁၉၅၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်မှာ အတည်ပြု ပါဝင်ခဲ့သည်။
ဆိပ်ခွန်ကျေးရွာသည် မဟာစည်ဆရာတော် ဦးသောဘန၏ မွေးရပ်ဇာတိဖြစ်သကဲ့သို့ ဆရာကြီးကိုယ်တိုင် သီတင်းသုံး နေထိုင်ခဲ့သော သမိုင်းဝင်ရိပ်သာလည်းဖြစ်သည်ဟု သိရသည်။
