ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် (CPU/CPA) နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့များ တွေ့ဆုံပွဲ ကို နိုဝင်ဘာလ ၁၃ ရက်မှ ၁၄ ရက်နေ့အထိ ၂ ရက်တိုင် ပြုလုပ်ခဲ့ကြပြီး တွေ့ဆုံပွဲသို့ (CPU/CPA) နှင့် ချင်းလဲန်း ကာကွယ် ရေးတပ်ဖွဲ့များမှ ဥက္ကဋ္ဌအဖွဲ့များ၊ အတွင်းရေးမှူးအဖွဲ့များနှင့် စစ်ဘက်ဆိုင်ရာ တပ်မှူးကြီးများ စုစု ပေါင်း ၄၀ ဦး ပါဝင် တက်ရောက်ခဲ့ကြသည်ဟု သိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် တော်လှန်ရေး (၆) နှစ်တာကာလတွင် ချင်းပြည်လွတ်မြောက်ရေးနှင့် ခုခံတွန်းလှန်စစ် လုပ်ငန်း များဆောင်ရွက်နေသည့်ကာလအတွင်း ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုအသီးသီးကို နှစ်ဖက်တာဝန်ရှိ သူများက ဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး နောင်တွင် ပူးပေါင်းဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ ကိုလည်း ချမှတ်နိုင်ခဲ့ကြသည်ဟု CPU/CPA နှင့် CDFs များက ယနေ့ညပိုင်းမှာ အသီးသီးထုတ်ပြန်ကြသည်။
ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ များသည် ချင်းပြည် လွတ်မြောက်ရေးအတွက် ခုခံတွန်းလှန်စစ်များကို နည်းလမ်းပေါင်းစုံဖြင့် အတူတကွလက်တွဲ ပူးပေါင်းဆောင်ရွက်ရေး၊ နွေဦးတော်လှန်ရေးကာလအတွင်း ပေါက်ဖွားလာသည့် ချင်းလက်နက်ကိုင် အဖွဲ့အစည်းများ၏ စုစည်းညီညွတ်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေး အပြည့်အဝရှိသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လုပ်ငန်းစဉ်များကို အခြား တော်လှန်ရေး မဟာမိတ် များနှင့်အတူ အဆင့်ဆင့်ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

