(005MK)
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ မြန်မာနိုင်ငံဘက်သို့ ပို့ဆောင်မည်ဟု ယူဆရသော ကုန်တင်ယာဉ်ငယ် ၁၀ စီးကို လောင်တလိုင်မြို့မှာ လိုင်လူငယ်အသင်း (YLA) က ဖမ်းဆီးပြီး ဒေသတွင်းအာဏာပိုင်များထံ အပ်နှံထား ကြောင်းသိရသည်။
TATA YODHA အမျိုးအစား အဆိုပါကုန်တင်ယာဉ်များကို လောင်တလိုင်မြို့ AOC ရပ်ကွက် လိုင်လူငယ်အသင်း(YLA) လုံခြုံရေးအစောင့်များက အောက်တိုဘာ ၁၃ ရက် မနက်ပိုင်း ၂ နာရီခွဲဝန်းကျင်မှာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု Lawngtlai Post ကဖော်ပြသည်။
လောင်တလိုင်ခရိုင်တွင် မော်တော်ယာဉ်ခိုးယူမှုနှင့် တရားမဝင်မှောင်ခိုကားတင်သွင်းမှုများလာသည့်အတွက် စက်တင် ဘာလတုန်းကပြုလုပ်သည့် ခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်သော အစည်းအဝေးတွင် လုံခြုံရေးအစောင့်များထားရှိကာ သေချာစောင့်ကြည့်စစ်ဆေးကြရန်သဘောတူခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် လောင်တလိုင်ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ခိုးယူခံရသော ယာဉ်များကို လောင်းတလိုင်ခရိုင်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ရောင်းချခြင်းနှင့် ဒေသခံပြည်သူများ၏ အထောက်အထားစာရွက်စာတမ်းများ အသုံးပြု၍ မော်တော်ယာဉ်အသစ် ဝယ်ယူကာ မြန်မာဘက်သို့ ပြန်လည်ရောင်းချခြင်းတို့ကို တားမြစ်ကြောင်း စက်တင်ဘာလ ၂၃ ရက်နေ့က အမိန့်ထုတ် ပြန်ခဲ့သည်။
ယခု AOC ရပ်ကွက် YLA Duty အဖွဲ့က TATA YODHA ကား ၁၀ စီးကို ဖမ်းဆီးပြီး တာဝန်ရှိသူများထံ လွှဲပြောင်းပေး အပ်ခဲ့ရခြင်းမှာလည်း ထိုအရေးယူဆောင်ရွက်မှုများ၏ နောက်ဆက်တွဲဖြစ်သည်ဟု သိရသည်။
အဆိုပါ ဖမ်းဆီးရမိသည့် ကား ၁၀ စီးကို လောင်တလိုင်အာဏာပိုင်များက မည်သို့ ဆုံးဖြတ်အရေးယူမည်ကို မသိရသေးပေ။
မီဇိုရမ်ပြည်နယ်တောင်ပိုင်း လောင်တလိုင်မြို့သည် မြန်မာနိုင်ငံ ၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေပြီး ယင်းမှတဆင့် စားသောက်ကုန်၊ စက်သုံးဆီနှင့် လူသုံးကုန်ပစ္စည်းများကို ရခိုင်ပြည်နယ် သို့တင်သွင်းလျက် ရှိကြသည်။
