ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့အနီးတွင်ရှိသော ခလရ ၁၄၀ တပ်ရင်းမှ အဓိကအသုံးပြုသည့် ဘုံတလာ ရေအားလျှပ်စစ်စက်ရုံ အဆောက်အအုံကို အောက်တိုဘာလ ၃ ရက်နေ့ ညနေပိုင်းက ဗုံးဖောက်ခွဲခံရသည်ဟု သိရသည်။ “ကျွန်တော် သတင်းကြားတာကတော့ မနေ့ပါ၊ ဗုံးခွဲတာ သူတို့ ရေအားလျှပ်စစ်ကို လူငယ်တွေက မိုင်းခွဲပြီးလို့ စစ်တပ်က လက်နက်ကြီးနဲ့ ပြန်ပစ်တာပေါ့၊ အဲ့ရေးအားလျှပ်စစ်က စစ်တပ်တွေက အဓိကသုံးတာ၊” ဟု မတူပီဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ဘုံတလာ ရေအားလျှပ်စစ် စက်ရုံသည် မတူပီမြို့နှင့် ၅ မိုင်ခန့် ကွာဝေးသည်ဟု သိရပြီး လည်မျိုချောင်းရေကို အမှီပြုတည်ဆောက်ထားသည့် ရေအားလျှပ်စစ် စက်ရုံဖြစ်ပြီး ယခင်တွင် စန်ဘောင်ရပ်ကွက်၊ ဗျူဟာကုန်းနှင့် ဖနိုင်ကျေးရွာတို့တွင် လျှပ်စစ်မီးများကို အသုံးပြုခဲ့သော်လည်း မဟာဓာတ်အားလိုင်းရရှိပြီးသည့် နောက်ပို်င်းတွင် စစ်ကောင်စီတပ်ဖွဲ့များက အသုံးပြုကြသည်ဟု သိရသည်။ မတူပီမြို့၊ဘုံတလာ ရေအားလျှပ်စစ် စက်ရုံတည်ဆောက်ရေးလုပ်ငန်ကို ၂၀၀၆ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ ၍ ၁ နှစ်ကျော်အကြာ ၂၀၀၇ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ခြင်းဖြစ်ပြီး လျှပ်စစ်ဓာတ်အား ကီလိုဝပ် (၅၀၀) ထုတ်လုပ်ပေးနိုင်သော ရေအားလျှပ်စစ် စက်ရုံအမျိုးအစားဖြစ်ကြောင်းလည်း သိရသည်။ မတူပီမြို့၊ မြို့ပြမီးလင်းရေး မှတ်တမ်းများအရ မတူပီမြို့ လျှပ်စစ်စွမ်းအင်ကို နန်းမလောင်ရေအားလျှပ်စစ်စက်ရုံမှ ထွက်ရှိသောဓာတ်အားကို အဓိကသုုံးစွဲကြရခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ၂၀၂၀ ခုနှစ်မှ မဟာလျှပ်စစ် ဓာတ်အားလိုင်းသွယ်တန်းနိုင်ခဲ့ခြင်းကြောင့် ယခုမတူပီတွင် လျှပ်စစ်ဓာတ်အားလိုင်း အလုံအလောက်သုံးစွဲခွင့် ရရှိလာကြောင်းလည်း သိရသည်။
Author: Editor
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးတိမ်းရှောင်လာကြသော မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ကျောင်းပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဌာနဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး စက်တင်ဘာ ၃၀ ရက်နေ့က ဆွေးနွေးခဲ့ကြသည်။ မီဇိုရမ်ရောက် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေးကိစ္စကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte ဦးဆောင်ပြီး ခရိုင်အသီးသီးရှိ တာဝန်ရှိ District Education Officer (DEO) များနှင့် အွန်လိုင်းမှတဆင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း ဒေသတွင်း Zonet သတင်းတွင် ဖော်ပြသည်။ မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီး Pu Lalchhandama Ralte က စစ်ဘေးရှောင်များသည် မိမိတို့ညီအကိုတွေဖြစ်သည့်အတွက် တတ်နိုင်တဲ့ဘက်ကနေ ကူညီဆောင်ရွက်ပေးခြင်းဟာ ကျနော်တို့ လုပ်ဆောင်ရမဲ့တာဝန်ဖြစ်တယ်ဟု ပြောသည်။ အဆိုပါဆွေးနွေးပွဲတွင် မီဇိုရမ်ပြည်နယ်အသီးသီးမှ District Education Officer (DEO) မ်ားက မိမိခရိုင်အတွင်း မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များဦးရေနှင့် လိုအပ်သည့်အရာများကို မီဇိုရမ်ပြည်နယ် ပညာရေးဝန်ကြီးထံ တင်ပြခဲ့ကြသလို Mizoram Board of School Education (MBSE) အောက်တွင် ၁၀ တန်းနှင့် ၁၂ တန်း ဖြေဆိုနိုင်ရေးကိစ္စကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြသည်။ ထို့အပြင် မီဇိုရမ်ပြည်နယ်အတွင်းရှိနေသည့် မြန်မာစစ်ဘေးရှောင် ကျောင်းနေအရွယ်ကလေးငယ်များလိုအပ်သည့်အရာများ ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် DATA များစုဆောင်းပြီး ပြည်မအစိုးရထံ တင်ပြတောင်းဆိုသွားရန်လည်း ဆွေးနွေးခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှာင်ဦးရေ ၁၀၀၀၀ ကျော်ရှိပြီး ယင်းအနက် ကျောင်းနေအရွယ်ကလေးငယ် ၃၀၀ ကျော်ရှိသည်ဟု သိရသည်။
ဟားခါးမြို့နယ် အချုပ်စခန်းတွင် ထိန်းသိမ်းခံရသောသူ တစ်ချို့ကို ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်တွင် ရဟပ်ယာဉ်ဖြင့် ကလေးမြို့ အကျဉ်းထောင်သို့ ခေါ်ဆောင်သွားကြကြောင်း သိရသည်။ ကလေးအကျဉ်းထောင်သို့ ပို့ဆောင်ခံရသည့် ဦးရေအတိကျ မသိရှိရသေးသော်လည်း ခန့်မှန်းခြေ ၃ဦးမှ ၅ဦးခန့် ဖြစ်နိုင်ကြောင်းသိရပြီး ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒဖော်ထုတ်မှုကြောင့် အဖမ်းခံရပြီး ပုဒ်မ ၅၀၅ (က) နှင့်တရားစွဲဆိုကာပြစ်ဒဏ်စီရင်ခကေ်ချခံရသူအချို ့လည်း ပါဝင်ကြောင်းသိရသည်။ ကလေးမြို့ဘက်မှ ရဟတ်ယာဉ်ဖြင့် ဟားခါးမြို့ ၂၆၆ဗျူဟာကုန်းသို့ ရဟတ်ယာဉ်ဖြင့်လာခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။ လက်ရှိ ဟားခါးမြို့ အချုပ်စခန်းတွင် အချုပ်သား ၂၆ ဦးခန့် ကကျန်ရှိနေသေးကြောင်းလည်းသိရသည်။
ချင်းပြည်နယ် ထန်တလန်မြို့အဝင်တွင် ယနေ့ညနေပိုင်း ၆ နာရီခန့်က ဟားခါးမြို့မှပြန်လာသော ထန်တလန် မြို့မိ/မြို့ဖများစီးလာသော အိမ်စီးကားကို စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အသက် ၇၃ နှစ်အရွယ် ဦးရာလ်သူ (Pu Ral Tu) ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ ထန်တလန်မြို့မိ/မြို့ဖများသည် စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဟားခါးမြို့ရှိ မြို့မိမြို့ဖများ၊ ခရစ်ယာန်ပါစတာများနှင့် တွေ့ဆုံဆွေးနွေးကြပြီးနောက် ဟားခါးမြို့မှ ထန်တလန်သို့အပြန် မြို့အဝင်တွင် စစ်ကောင်စီတပ်က ၎င်းတို့စီးလာသောကားကို သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ထန်တလ န်မြို့မိမြို့ဖ ဦးရာလ်သူ သေဆုံးသွားခြင်းဖြစ်သည်။ ဦးရာလ်သူးသည် ပြည်သူ့ကောင်စီခေတ်က ထန်တလန်မြို့နယ် တရားသူကြီးတာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း ထန်တလန်မြို့တွင် ကြည်ညိုလေးစားခံရသော မြို့မိမြု့ဖတစ်ဦးဖြစ်သည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက မြို့တွင်းသွားလာနေသည့် ဒေသခံပြည်သူအား စစ်ဆေးမှုများပြုလုပ်ကာ ၁၀ ဦးခန့်ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရှိရသည်။ ယနေ့ စက်တင်ဘာလ ၂၉ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဟားခါးမြို့တွင်းနေရာအချိူ့တွင်ကင်းလှည့်ကာ မြို့တွင်းသွားလာသူများအား ရပ်တန့်စေ၍ ဖုန်း၊ ဆိုင်ကယ်များစစ်ဆေးခြင်းများပြုလုပ်ပြီး ပြည်သူ ၁၀ ဦးခန့်အဖမ်းခံခဲ့ရ သည်ဟု အမည်မဖော်လိုသူ ဟားခါးဒေသခံတစ်ဦးကပြောသည်။ “ဒီနေ့က စစ်တပ်တွေက အဖွဲ့နှစ်ဖွဲ့နဲ့ မြို့တွင်း ကင်းလှည့်ကြတယ်၊ တစ်ဖွဲ့မှာ အယောက် ၂၀ လောက်ရှိကြတယ်၊ သူတို့ က သုံးနေရာမှာ စစ်တယ် လမ်းဆုံရယ် မိုးဟိန်းရှေ့မှာရယ် ပြီးရင် စံပြဆောင်ရှိမှာရယ် စစ်တယ်။ ကျွန်တော်တို့လည်း သွားတိုးတော့ စစ်သားတွေက ကျွန်တော်တို့ကို ရပ်ခိုင်းပြီးတော့ ဆိုင်ကယ် toolbox တွေ ပြီးရင် ဖုန်းတွေကိုလိုက်စ စ်ပါတယ်၊ နောက် ကျွန်တော်တို့ လက်တွေကို မြှောက်ခိုင်းပြီးတော့ အိတ်ကပ်တွေလည်း စစ်ပါတယ်။” ဟု ဟားခါးဒေသခံက ပြောသည်။ ယခုရက်ပိုင်းအတွင်း ဟားခါးမြို့တွင် စစ်ကောင်စီက စစ်အင်အားဖြည့်တင်းလာသည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ညပိုင်း ဧည့်စာရင်းစစ်ဆေးမှုများပြုလုပ်ကာ လူငယ်အချိူ့ကိုလည်း အကြောင်းမဲ့ဖမ်းဆီးမှုများရှိနေသည့်အတွက် စိုးရိမ်နေကြရသည်ဟု ၎င်းကဆက်ပြောသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း ဧည့်စာရင်းစစ်ဆေးရာတွင် လူငယ်အယောက် ၂၀ ခန့်အဖမ်းခံခဲ့ရပြီး ပြန်လည်လည်လွတ်မြောက်လာသူအချိူ့ရှိသည်ဟုသိရသော်လည်း လူဦးရေအတိကျအတည်ပြုနိုင်ခြင်းမရှိပေ။
ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခကြောင့် မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ကြသူများကို မီဇိုရမ်ရှိ ဘာသာရေးအဖွဲ့အစည်းအသီးသီးတို့က ကူညီထောက်ပံ့ပေးခဲ့ကြကြောင်း သိရသည်။ Mizo Conference of Seventh Day Adventist အောက်တွင်ရှိသော Adventist Community Servies, Women’s Ministries နှင့် Aizawl Adventist Hospital ပူးပေါင်းပြီး မီဇိုရမ်ပြည်နယ် Hnahthial ခရိုင်အတွင်း ထွက်ပြေးတိမ်း ရှောင်လာသော စစ်ဘေးရှောင်များကို စက်တင်ဘာ ၂၇-၂၈ ရက်နေ့က ကူညီပေးခဲ့ကြောင်း The Aizawl Post သတင်းစာတွင် ဖော်ပြသည်။ Hnahthial ခရိုင် Cherhlun, New Ngharchhip, Ngharchhip, Thingsai, Bualpui ‘H’, Khawhri နှင့် Tarphoa ကျေးရွာများရှိ စစ်ဘေးရှောင်များအတွက် ဆန်၊ ဆီ၊ ပဲ၊ အိပ်ယာခင်း၊ ဆောင်၊ အိုးခွက်ပန်ကန် နှင့် အဝတ်အစားများ အပြင် ရူပီး ၅၀၀၀၀ ကိုလည်းသွားရောက်ပေးလှူခဲ့ကြခြင်းဖြစ်သည်။ Mizoram Baptist အသင်းတော် Relief & Development အဖွဲ့ကလည်း မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့နယ် Sangau နှင့် အနီးအနားကျေးရွာရှိ စစ်ဘေးရှောင်အယောက် ၆၀၀ ထံ မိုးကာ၊ ဆန်၊ ဆီး၊ ပဲ၊ အခြားသော စားနပ်ရိက္ခာများကို စက်တင်ဘာ ၂၄ ရက်နေ့က သွားရောက်ထောက်ပံ့ပေးခဲ့ကြသည်။ မီဇိုရမ်ပြည်နယ်ရှိ အကြီးမားဆုံးအသင်းတော်တစ်ခုဖြစ်သော Mizoram Presbyterian အသင်းတော်ကလည်း မြန်မာနိုင်ငံမှ တိမ်းရှောင်လာသော စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ဖို့…
ချင်းပြည်နယ် ဟားခါးမြို့တွင် တိုက်ပွဲများကြောင့် နေအိမ် စွန့်ခွာနေရသည့် ပြည်သူများအတွက် ချင်းခရစ်ယာန်တက္ကသိုလ်တွင် စစ်ဘေးရှောင်စခန်း (IDPs camp) ကို စက်တင်ဘာ ၂ရ ရက်နေ့မှစပြီး ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ “အခုကျွန်တော်တို့ IDP Camp လုပ်ရတဲ့အကြောင်းရင်းကတော့ မြို့တွင်းမှာ အပစ်အခတ်နဲနဲပါးပါးရှိလာတယ်၊ တစ်ချို့ အိမ်တွေမှာ ဆိုရင်တော့ ကျည်မှန်တယ် လက်နက်ကြီးတွေ ကျတယ်၊ တစ်ချို့မှာဆိုရင်တော့ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်၊ အဲ့လိုမျိုးဖြစ်လာတဲ့ခါမှာ ကျွန်တော်တို့အနေနဲ့ IDP camp ကို CCU မှာ လုပ်ရခြင်းဖြစ်ပါတယ်၊ စစ်ဒဏ်ကြောင့်နေလို့ မရတော့တဲ့ အိမ်တွေ ရှိတော့ ရပ်ကွက်မှာ ပစ်ခတ်မှုတွေရှိတဲ့ နေရာတွေလည်း ရှိတော့ နေထိုင်လို့အဆင်မပြေတဲ့သူတွေ၊ အထူးသဖြင့် နေအိမ်စွန့်ခွာတဲ့ သူတွေအတွက် ကျွန်တော်တို့ လုပ်ဆောင်နေရဖြင်းဖြစ်ပါတယ်။ အဲ့နေရာမှာတော့ ပြည်သူလူထု အားလုံးအတွက်ဖြစ်ပါတယ်” ဟု စခန်းတာဝန်ခံ ပါစတာ ရွှေမန်းကပြောသည်။ ဟားခါးစစ်ဘေးရှောင်စခန်းသည် ပြည်သူလူထုလုံခြုံမှုရှိစေရေးအတွက်ဖွင့်လှစ်ခြင်းဖြစ်ကာ မည်သူမဆို လူမျိူးဘာသာမရွေးလာရောက်ခိုလုံနိုင်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူ ၃ ယောက်ခိုလုံလျှက်ရှိကြသည်ဟု ၎င်းက ဆက်ပြောသည်။ “ကျွန်တော်တို့အနေနဲ့တော့ အထူးသဖြင့် ပြည်သူတွေ လုံခြုံဖို့ အတွက် ဟားခါးမြို့နယ်မက ပေါ့နော် နေထိုင်စရာ မရှိတဲ့ သူတွေအားလုံး၊ လူမျိုးအားလုံး၊ လူမျိုးဘာသာ မခွဲခြားပဲနဲ့ အဲ့မှာ ခိုလှုံချင်တဲ့သူတွေအတွက် ကျွန်တော်တို့ တံခါးအကြီးကြီး ဖွင့်ထားပါတယ်” ဟု ပါစတာရွှေမန်းကဆက်ပြောသည်။ စက်တင်ဘာ ၁၄ ရက်ကစပြီး စစ်ကောင်စီတပ်များက ဟားခါးမြို့တွင် ညတိုင်း လက်နက်ကြီးများရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၂ ဦးဒဏ်ရာရခဲ့ပြီး နေအိမ်အချိူ့မှာလည်း…
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့နေ့လည်ပိုင်း က အာဏာသိမ်းစစ်ကောင်စီနှင့် PDF (Kalay)၊ CNDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်တိုက်ခိုက်ခဲ့ပြီး စကစဘက်က ၃ ဦးသေဆုံးကြောင်း PDF (Kalay) မှထုတ်ပြန်ထားသည်။ အာဏာသိမ်းစစ်ကောင်စီဖက်မှ ကလေးမြို့တောင်ဘက် ချင်းဆိုင်ရွာ ဝင်ရောက်မွှေနောက်ပြီးနောက် သာစည်ရွာမှတဆင့် အနောက်အရပ် သို့ ဦးတည်ပြီး စစ်ကြောင်းလျှောက်တက်လာရာ နေ့လည် ၂ နာရီခန့်တွင် လေးအိမ်စုနှင့် စည်ပင်ကြီးရွာများ အနီးတွင် PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့တို့က ဖြတ်ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းသိရသည်။ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ကြီးများကိုသာ အဓိကအားကိုး ပစ်ခတ်ခဲ့ပြီး ရင်ဆိုင်တိုက်ပွဲအတွင်း စစ်ကောင်စီအဖွဲ့များသည် စည်ပင်ကြီးရွာဘက်တွင်လည်း လက်နက်ကြီးများဖြင့် တောက်လျှောက်ပစ်ခတ်ကာ စည်ပင်ကြီးမှတဆင့် မြို့လှ၊ အင်ဒိုင်းကုန်းဘက်သို့ ဆုတ်ခွာသွားကြောင်းသိရသည်။ ယနေ့တိုက်ပွဲအတွင်း အာဏာသိမ်းစစ်ကောင်စီဖက်မှ အနည်းဆုံး (၃) ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ PDF (Kalay) နှင့် CNDF ပူးပေါင်းတပ်ဖွဲ့မှ ၃ ဦးမှာလည်း လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့ Hakhathar (၁) (Vailamtlang) ရပ်ကွက်အတွင်းရှိ ခရိုင်မီးသတ်တပ်ဖွဲ့ရုံးတွင် အင်အား ၁၀၀ ခန့်ရှိသော အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားပြီး အနီးနားရှိ လူနေအိမ်များ ဖောက်ထွင်းမှုရှိနေသည်ဟု သိရသည်။ စစ်ကောင်စီတပ်ဖွဲ့များ ရပ်ကွက်အတွင်းသို့ တပ်စွဲလာသည့်အတွက် အနီးနားပတ်ဝန်ကျင်မှ အိမ်ခြေ ၁၂ အိမ်ခန့်သည် ပြောင်းရွှေ့သွားကြပြီး လူမနေသည့်အိမ်များကို စစ်ကောင်စီတပ်က ဖောက်ထွင်းကာ ပစ္စည်းများသိမ်းယူကြကြောင်း နေအိမ်ဖောက်ထွင်းခံရသူတစ်ဦးက ပြောသည်။ “ခရိုင်မီးသတ်ရုံးမှာ စကစက တပ်စွဲလာတော့ အနီးနားမှာရှိတဲ့ ပြည်သူတွေကမနေရဲကြတော့ဘူး အိမ်သော့ခတ်ပြီး ပြောင်းရွှေ့ကြတယ်၊ မနေ့ကကျနော့အိမ်ဆိုရင် ဖောက်ခံရပြီး ပစ္စည်းတွေခိုးသွားကြတယ်” ဟု နေအိမ်ဖောက်ထွင်းခံရသည့် ဒေသခံတစ်ဦးက ပြောသည်။ စစ်ကောင်စီတပ်စွဲထားသည့် အဆိုပါရပ်ကွက်တွင် ပြီးခဲ့သည့်အပတ်က CDF နှင့် စစ်ကောင်စီတို့ ပစ်ခတ်ထိတွေ့မှု ဖြစ်ပွားခဲ့သည်။
ချင်းပြည်နယ်မြို့တော် ဟားခါးမြို့အဝင်/အထွက် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ခရီးသွားပြည်သူများကို ဂိတ်ဖြတ်ကြေး အဆမတန်တောင်းခံမှုရှိနေသည်ဟု သိရသည်။ မကြာသေးခင်ရက်ပိုင်းက ထန်တလန်မြို့မှ ဟားခါးမြို့သို့တက်လာသည့် ကားတစ်စီးကို ဟားခါးမြို့အဝင်စစ်ဆေးဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့က ကျပ်ငွေ ၃ သိန်းတောင်းခံခဲ့ကြောင်း ဟားခါးဒေသခံတစ်ဦးက ပြောသည်။ “ကျနော်တို့ ဟားခါးဂိတ်ကိုမဖြတ်ခင် ကားဆရာတို့ဘက်က ကြိုညှိထားတာ။ သူတို့က သုံးသိန်းပေးမယ်ဆိုရင်တော့ လွှတ်မယ်လို့ပြောတယ်။ ပိုက်ဆံထုတ်ထားပါလို့ ဟိုဘက်က ကျနော့်ကိုပြောတာပေါ့။ ဟားခါးကအသိတစ်ယောက်က ခင်ဗျားတို့ ပြောတတ်ရင်တော့ သူတို့လျှော့ရင်လျှော့မှာပေါ့လို့တော့ပြောတယ်။ အခုချိန်မှာ ပြောတက်တာ မပြောတက်တာ အရေးမကြီးဘူးဆိုပြီး ကျနော့်ဆီမှာ ရှိသမျှအကုန်လုံးထုတ်ပြီးမှ သုံးသိန်းပေးလိုက်တယ်။ ကားသမားဆီမှာပဲ ပိုက်ဆံတွေရော စာရွက်စာတန်းတွေရော ပေးလိုက်တယ်။ သူနဲ့ပဲပြောပြီး ကားသမားနဲ့ပဲ စစ်သားတွေစကားပြောပြီး ပိုက်ဆံပေးလိုက်တော့ ဂိတ်ကနေသွားခိုင်းတယ်” အဆိုပါဒေသခံက ပြောသည်။ ဟားခါးမြို့အဝင်/အထွက်တွင် ဂိတ် ၃ ခုရှိကာ စစ်ကောင်စီတပ်များက လုံခြုံရေးစစ်ဆေးမှုများပြုလုပ်နေပြီး လွန်ခဲ့သည့် ရက်သတ္တပတ်ခန့်ကစ၍ ယခုကဲ့သို့ ငွေကြေးအဆမတန်တောင်းခံနေကြခြင်းဖြစ်သည်ဟု သိရသည်။