ချင်းပြည်နယ် ဟားခါးမြို့နယ်အတွင်းရှိ Senthang (ဆဲန်ထန်း) နယ်ဟုခေါ်သော ဟားခါး-မတူပီကားလမ်းမကြီးအကြားရှိ ကျေးရွာပေါင်း ၈ ရွာခန့်မှ ဒေသခံ ၅၀၀၀ ကျော်ခန့်သည် ၎င်းတို့ဒေသတွင် မေလကုန်ပိုင်းကဖြစ်ပွားခဲ့သော အာဏာ သိမ်းစစ်ကောင်စီနှင့် Hakha-CDF တို့တိုက်ပွဲကြောင့် တောထဲသို့ထွက်ပြေးတိမ်းရှောင်နေကြရသည်။ ပြီးခဲ့သည့်မေလ ၃၁ ရက်နေ့က ချင်းပြည်နယ်တောင်ပိုင်း မတူပီမြို့မှ ဟားခါးမြို့သို့တက်ရောက်သော စစ်ကားကို ဖြတ်တိုက်ရာမှ ဆဲန်ထန်းနယ်တွင် စစ်ကောင်စီနှင့် Hakha-CDF အကြား တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများအသုံးပြုကာပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆူရ်ခွါမြို့အပါအဝင် အနီးနား ကျေးရွာများမှ ဒေသခံပြည်သူများသည် ပြေးလွတ်ရာတောထဲသို့ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရခြင်းဖြစ်သည်။ ဆဲန်ထန်းနယ်မှ စစ်ဘေးရှောင်ပြည်သူတစ်ဦးက “ကျနော်တို့ဆဲန်ထန်းနယ်အဝင်နားမှာ တိ်ုက်ပွဲတွေဖြစ်တော့ ရှောင်ကြ တာပေါ့၊ ကိုယ့်အိမ်တွေထားခဲ့တယ်၊ ပစ္စည်းတွေထားခဲ့တယ်၊ သေနတ်သံတွေတအားကြားတော့လေ စက်သေနတ်တွေ လက်နက်ကြီးတွေတအားပစ်တော့ စိတ်တော်တော်ဆင်းရဲတာပေါ့၊ ကျနော်တို့ မကြုံဖူး မကြားဖူးတော့ လက်နက်ကြီး တွေတအားပစ်တာတွေလေ ငိုတဲ့လူငိုကြတယ်’’ ဟု ပြောသည်။ အဆိုပါတိုက်ပွဲဖြစ်ပွားမှုကြောင့် ဆဲန်ထန်းနယ်က Surkhua Myo, Phaizawng, Khuapi , Lungrang, Hausen, Dinlopa, Sakta, Loklung စသည့်ကျေးရွာအသီသီးတို့မှ ဒေသခံပြည်သူ ၅၀၀၀ ကျော်တို့သည် နီးစပ်ရာတောထဲသို့ ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ ယခုကဲ့သို့စစ်ဘေးတိမ်းရှောင်နေကြရသည့်အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များသည် ကျေးရွာအတွင်းရှိ လူနေအိမ်များအား ဖောက်ထွင်းဝင်ရောက်ကာ အိမ်တွင်းပစ္စည်များဖျက်ဆီးခြင်း၊ အိမ်မွေးတိရိစ္ဆာန်များ ဖမ်းဆီးမှုများလည်းရှိသည်ဟု သိရသည်။ “Dinlopa ရွာမှာဆိုရင် သော့ခတ်ထားတဲ့အိမ်တွေကိုဖျက်ဆီးပြီးတော့ အထဲကဆန်တွေကို လမ်းမှာဖြန့်ကျဲတာတွေ၊ ယက္ကန်းစင်တွေဖျက်စီးတာတွေ ပြူတင်းပေါက်မှန်တွေလည်းရိုက်ခွဲသွားကြတာ၊ ကျွဲ၊ နွား၊ ဆိတ်တွေလည်း သတ်သွား ကြတယ်’’ ဟု ဆဲန်ထန်းနယ်မှဒေသခံတစ်ဦးကပြောသည်။…
Author: Editor
ချင်းပြည်နယ် ဟားခါးမြို့ ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် ဖမ်းဆီးခံရသည့် အယောက် (၆၁) ဦးထဲမှ (၂၈) ယောက်သည် မနေ့ည ၁၀ နာရီကျော်က ပြန်လွတ်လာကြောင်း ဟားခါးမြို့ ဒေသခံတစ်ဦးမှ သိရသည်။ “မနေ့ညက ၂၈ ယောက်လွှတ်တယ် ပြီးတော့ ကျန်နေသေးတာက (၃၃) ယောက်ကျန်သေးတယ် ညက ၁၀ ခွဲလောက်လွှတ်လာတယ် ဒီတိုင်းပဲမေးမြန်းပြီးလွှတ်တာပဲ မေးတာတွေတော့ သူတို့မေးတယ် မလွှတ်တဲ့သူတွေဘာကြောင့်မလွှတ်သေးတာလဲ အတိအကျမသိသေးဘူး လူငယ်ပိုင်းများတယ်မလွှတ်သေးတဲ့သူတွေထဲမှာ” ဟု ဟားခါးမြို့ဒေသခံတစ်ဦးကပြောသည်။ ယမန်နေ့ညပိုင်းပြန်လွှတ်လာသူ အများစုမှာ သက်ကြီးပိုင်း မိဘအရွယ်များဖြစ်ကြပြီး လူငယ်ပိုင်းအများစုကို စစ်ကောင်စီက ဆက်လက်ဖမ်းဆီးထားဆဲဟု သူကပြောသည်။ ဟားခါးမြို့တွင် ဇွန်လ ၅ ရက်နေ့ညနေပိုင်းက ဗုံးပေါက်မှု သုံးကြိမ် ဖြစ်ပွားခဲ့ပြီး မြို့သစ်ရပ်ကွက်ဘက် နေအိမ်တစ်အိမ် ဗုံးပေါက်ကွဲမှုတွင် CDF-Hakha မှ (၃) ဦး ကျဆုံးခဲ့သည်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မဏိပူရ်ပြည်နယ်တွင် ယက္ကန်းယက်ရန်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၈ ဦးသည် ကိုဗစ်ပိုးကူးစက်ခံထားရပြီး ၎င်းတို့အနက် ရွှေဘိုမြို့နယ်မှ အသက် ၄၀ ကျော်အရွယ်အမျိူးသမီးတစ်ဦး ဇွန်လ ၆ ရက်နေ့တွင်သေဆုံးသွားကြောင်းသိရသည်။ ယခုကိုဗစ်ပိုးကူးစက်ခံထားသူများအပါအဝင် မြန်မာနိုင်ငံသား အယောက် ၃၀ ခန့်တို့သည် လွန်ခဲ့သည့် ၃ လခန့်ကတည်းက မဏိပူရ်ပြည်နယ် Curachandpur မြို့တွင် ယက္ကန်းလုပ်ငန်းလုပ်ကိုင်ရန် သွားရောက်ကြရာတွင် အဖမ်းဆီးခံခဲ့ရသူများဖြစ်ကြသည်ဟု ယက္ကန်းသမားတစ်ဦးက ပြောပါသည်။ “ဖမ်းဆီးချုပ်နှောင်ခံထားသူ အယောက် ၃၀ ရှိတယ်။ ၈ ဦး ကိုဗစ်ရောဂါပိုး ကူးစက်ခံရတယ်။ ကူးစက်ခံရတဲ့အထဲမှာ အမျိုးသမီးတဦး ဒီကနေပဲဆုံးသွားတယ်။ သူတို့က ဒီပြည်နယ်မှာ ယက္ကန်းလုပ်ငန်းကိုလုပ်ကိုင်ဖို့ လာကြတာဖြစ်တယ်။ မြန်မာနိုင်ငံ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင် CDM တွေ ဒီဘက်ကို အများကြီးထွက်ပြေးလာကြတယ်။ အဲဒါကို အိန္ဒိယဗဟိုအစိုးရက ဖမ်းဆီးပြီးပြန်ပို့ဖို့ အမိန့်ပေးခဲ့စဉ်က ဖမ်းဆီးတဲ့အထဲ ပါသွားတဲ့သူတွေဖြစ်တယ်။ Foreigner case အမှုဖွင့်ထားတယ်ကြားတယ်။ ကိုဗစ်ကြောင့် အမှုက စစ်ဆေးလို့မရသေးဘူး၊ ဒါကြောင့် ကြန့်ကြာနေရခြင်းဖြစ်တယ်” ဟု ယက္ကန်းသမားတစ်ဦးက ပြောပါသည်။ ယခုကိုဗစ်ရောဂါပိုး ကူးစက်ခံနေရသူများအနက် တစ်ဦးမှာလည်း အခြေအနေစိုးရိမ်နေရကြောင်း သိရသည်။ “အဖမ်းခံရတဲ့သူတွေကို အချုပ်ခန်းနှင့်ထောင်မှာမထားဘူး။ အိမ်တစ်လုံးမှာ ထားထားတယ်။ အပြင်ကနေသူတို့ကို ထမင်းဟင်းတွေ သွားသွားပေးရတယ်။ ဒါကြောင့် အပြင်ကနေဘဲ ကူးစက်တာဖြစ်မယ်။ အခု ကိုဗစ်ရောဂါပိုးရှိတဲ့ ၇ ယောက်ကို ဆေးရုံမှာ ကုသနေတယ်။ တယောက်ကတော့ အဆုပ်ရောဂါအခံရှိထားတော့ အခြေအနေ နည်းနည်းစိုးရိမ်ရတယ်” ဟု ၎င်းကဆက်ပြောသည်။ မဏီပူပြည်နယ်သည် အိန္ဒိယ-မြန်မာနယ်စပ်ဒေသတစ်ခုဖြစ်ပြီး…
စစ်အုပ်ချုပ်ရေးကြေညာခံထားရသည့် ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်း ၃ ကြောင်းဖြင့် စစ်ဘေးရှောင်ဒုကသည်အများစုနေထိုင်ကြသည့် ကျေးရွာဘက်သို့ တက်လာပြီး ယနေ့နံနက်ပိုင်း ၁၀ နာရီဝန်းကျင်ခန့်ကစ၍ Mindat-CDF တပ်ဖွဲ့များနှင့် ပစ်ခတ်မှုများရှိနေသည်ဟုသိရသည်။ အာဏာသိမ်းစစ်ကောင်စီသည် မင်းတပ်မြို့အရှေ့ဘက်ခြမ်း၊ အနောက်ဘက်ခြမ်းဘက်တို့မှ စစ်ကြောင်း ၂ ကြောင်းဖြင့် Mindat-CDF တပ်ဖွဲ့ကိုထိုးစစ်ဆင်တိုက်ခိုက်လာသည့်အပြင် မင်းတပ်-မကွေးနယ်စပ် ရွှေအောင်သာဘက်တွင်လည်း ဇွန်လ ၃ ရက်နေ့ကတည်းက ယနေ့ချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။ “ဒီနေ့မနက်ကျတော့ မင်းတပ်မြို့ရဲ့အရှေ့ဘက်ကနေ ဆင်းလာပြီးမှ စစ်ဘေးရှောင်အများစုက မြို့ရဲ့ မြောက်ဘက်ခြမ်းရွာမှာအများစုရှိကြတယ် အဲဒီဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်း ၂ ကြောင်းရှိတယ်၊ အင်အား ၉၀ ကျော်လောက်ရှိမယ် ဘောင်ထဲရွာကနေ ချောင်းဆုံဘက်ကိုတက်လာတယ် အဲဒီမှာ ကျနော်တို့အဖွဲ့နဲ့တိုက်ပွဲဖြစ်တယ်၊ မြို့အနောက်ဘက်ကနေတက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကျနော်တို့တပ်ဖွဲ့တွေ ရှက်ရွာမှာ တိုက်ပွဲထပ်ဖြစ်တယ်၊ ရွှေအောင်သာဘက်မှဖြစ်တယ် စစ်ကြောင်း ၃ ကြောင်းနဲ့ တစ်ပြိုင်တည်းတိုက်နေရတာပေါ့’’ ဟု Mindat-CDF မှတာဝန်ရှိသူတစ်ဦးကပြောသည်။ စစ်ကောင်စီတပ်ဖွဲ့မျာသည် လက်နက်ကြီးများကို တောက်လျှောက်အသုံးပြုနေပြီး ယနေ့မနက် ရှက်ရွာတိုက်ပွဲတွင် ဒဏ်ရာရရှိသူတစ်ဦးမှာ ဓာတုလက်နက်များရှှုရှိက်မိ၍ အဆိပ်သင့်သည့်လက္ခဏာများခံစားနေရကြောင်း Mindat-CDF က ထုတ်ပြန်ထားသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် ဇွန်လ ၅ ရက်နေ့ညနေပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်ကောင်စီမှ လူငယ်အယောက် (၅၀) ကျော် ဖမ်းဆီးထားပြီး ယနေ့ထိပြန်မလွတ်သေးကြောင်း ဒေသခံတစ်ဦးမှသိရသည်။ “၅၀ ကျော်ဖမ်းခံရတယ် လွတ်လာတဲ့သူမရှိသေးဘူး သူတို့ပြန်လွတ်ဖို့ဆိုတာတော့ရှိတယ် ဒါပေမဲ့ တကယ်လွတ်လာတာတော့မရှိသေးဘူး အခုချိန်ထိတော့ ဖမ်းဆီးခံရတဲ့သူတွေက တကယ်တော့ သတင်းကြားတယ် သတင်းမေးဖို့သွားရှာတဲ့သူတွေရော တချို့ကျတော့ ဒီတိုင်း လမ်းသွားလမ်းတွေကိုပဲခေါ်လိုက်တာ အသံကြားလို့ အဲဒီနားကိုလာတဲ့သူတွေလည်းပါတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။ ဖမ်းဆီးခံရသူများအနက် အမျိုးသမီးများကို ဟားခါးမြို့ရဲစခန်းတွင်ထားရှိပြီး အမျိုးသားများကိုမူ (၂၆၆) စစ်ဗျူဟာဘက်တွင်ထားရှိကြောင်းသိရသည်။ ဟားခါးမြို့ မြို့သစ်ရပ်ကွက်နေအိမ်တစ်လုံးတွင် ယမန်နေ့ညနေပိုင်းက ဗုံးပေါက်ကွဲမှု သုံးကြိမ်ဖြစ်ပွားကာ CDF-Hakha မှ (၃) ဦး ကျဆုံးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် ဇွန်လ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တို့ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားပြီး CDF မှ သုံးဦး ကျရှုံးကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရရှိသူထံမှသိရသည်။ “ကျနော်တို့ တိုက်ပွဲက နှစ်နေရမှာဖြစ်တယ် နှစ်ကြိမ်ဖြစ်တယ် ချင်းပြည်နယ်နှင့် မကွေးတိုင်းနယ်စပ်နားကရွာတွေမှာပဲ ရွှေအောင်သာရွာမှာ ကျနော်တို့ တပ်ကြပ်ကြီး ရှောင်လင်တစ်ယောက်ကျသွားတယ် CDM ဝင်နေတဲ့ ရဲတပ်ကြပ် သူက မင်းတပ်ကာကွယ်ရေးဦးဆောင်တဲ့အဖွဲ့ကပဲ Sniper ထိပြီးမှကျသွားတယ် သူ့ကိုကယ်ဖို့သွားတဲ့လူကလည်း ဒဏ်ရာရသွားတယ် ရွှေအောင်သာတီုက်ပွဲက မနက် ၅ နာရီစတယ် ၉ နာရီ ၁၀ နာရီလောက်မှာပြီးတယ် မယ်လည်ကုန်းရွာဘက် တိုက်ပွဲက ရွှေအောင်သာကို စစ်ကူသွားတဲ့လူတွေကို မင်းတပ် CDF ကကြားဖြတ်တိုက်တာ အဲဒီမှာပဲ ကျနော်တို့ဖက်က ၂ ယောက်ကျသွားတယ် စပစ်မယ်ဆိုတဲ့အချိန်မှာ မိုးရွာတာပေါ့ သူတို့တူမီးသေနတ်ကအဆင်မပြေတာ အဲလိုဖြစ်တဲ့အချိန်မှာ” ဟု မင်းတပ် CDF က ပြောရေးဆိုခွင့်ရှိသူကပြောသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တိုက်ပွဲဖြစ်ပွားချိန် ကျရှုံးခဲ့သည့် သူများမှာ CDM ဝင် ဒု-ရဲတပ်ကြပ် ရှောင်လင်၊ ရှင်းအောင်ထမ်းနှင့် ထန်းလင်းတို့ဖြစ်ကြသည်။ အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တို့ကြား ယနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း မကြာခင်အတွင်းလည်းပြန်လည် ဖြစ်လာနိုင်ကြောင် CDF ပြောခွင့်ရရှိသူကဆက်ပြောသည်။ မင်းတပ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မင်းတပ် CDF တိုက်ပွဲကြောင့် ဒေသခံအများစုသည် တောတွင်း စစ်ဘေးရှောင်ထွက်ပြေးနေကြပြီး မြို့ပေါ်တွင်အနည်းငယ်သာကျန်ရစ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် ယနေ့ဇွန်လ ၄ ရက်နေ့ တစ်ရက်တည်းတွင် ကိုဗစ်ရောဂါကြောင့် လူ ၅ ဦးသေဆုံးမှုဖြစ်ပွားခဲ့သည်ဟု သိရသည်။ ကိုဗစ်ရောဂါကြောင့် ယနေ့မနက်ပိုင်းတွင် ၃ ဦးသေဆုံးကာ ညနေပိုင်တွင် ၂ ဦးစုစုပေါင်း ၅ ဦး တစ်ရက်အတွင်း သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများထဲတွင် ရက်သားအရွယ် ကလေးငယ်တစ်ဦးပါဝင်ကာ ကျန် ၄ ဦးမှာ သက်ကြီးပိုင်း အမျိူးသား ၂ ဦးနှင့် အမျိူးသမီး ၂ ဦးတို့ဖြစ်ကြပြီး ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အောင်မြေမာန်ရပ်ကွက်၊ နတ်ချောင်းရွာ၊ တင်သားရွာနှင့် ခုန်တိုးမြို့သာရွာတွင်နေထိုင်သူများဖြစ်ကြကြောင်းသိရသည်။ ကလေးမြို့သည် Stay at Home ကြေညာခံထားရသည့်မြို့ဖြစ်ပြီး ယနေ့တွင်လည်း လူ ၇၅ ယောက် စစ်ဆေးရာတွင် ၂၅ ယောက်ထံ ကိ်ုဗစ်ပိုးတွေ့ရှိသည်ဟုသိရသည်။
ဇွန် ၁ ရက်နေ့ကစပြီး အာဏာသိမ်းစစ်ကောင်စီက အခြေခံပညာကျောင်းများကို ဖွင့်လှစ်ရာတွင် ချင်းပြည်နယ်တွင်လည်း ကျောင်းသူ၊ ကျောင်းသား ၄၀၀၀ ကျော် ကျောင်းတက်ရောက်သည်ဟု ချင်းပြည်နယ် ပညာရေးမှုးကပြောသည်။ “ကျွန်တော်တို့ တပြည်နယ်လုံးမှာတော့ တကယ်တက်တဲ့သူကတော ၄၅၇၃ ယောက်ပေါ့နော၊ ကျောင်းအပ်တဲ့သူကတော့ တစ်သောင်းကျော်အပ်တာ ဒါပေမယ့် ဒီလောက်တက်တယ်ဆိုတော့ ၃၃ ရာခိုင်နှုန်းပတ်ဝန်းကျင်ပဲရှိမှာပေါ့ လာအပ်တဲ့သူတိုင်းကလည်း မတက်ဘူး၊ အပ်တော့အပ်တယ်တ ကယ်တက်တဲ့သူကတော့ အဲ့လောက်ပဲ” ဟု ပညာရေးမှုးကပြောသည်။ ချင်းပြည်နယ်မြို့နယ်အလိုက်ကျောင်းတက်ရောက်မှုမှာ ဟာခါးတွင် ၇၈ ယောက်၊ ဖလမ်း တွင်း၊ ၄၇၄ ယောက်၊ တီးတိန်တွင် ၁၅၈၂ ယောက်၊ မတူပီတွင် ၇၂ ယောက်နှင့် ပလက်ဝတွင် ၂၃၆၇ ယောက်တို့ဖြစ်ပြီး မင်းတပ်၊ ကန်ပလက်၊ ထန်တလန်၊ တွန်းဇံမြို့နယ်တို့တွင်မူ ကျောင်းတက်ရောက်သူမရှိကြောင်းလည်း သိရသည်။ ချင်းပြည်နယ်တွင် ယခင်ပညာသင်နှစ်စာရင်းများအရ ကျောင်းသူကျောင်းသားစုစုပေါင်း တစ်သိန်းဝန်းကျင်ခန့်ရှိရာတွင် စစ်ကောင်စီလက်ထက် ကျောင်းဖွင့်ရာသီမှာ ကျောင်းသူကျောင်းသား ၁၃၀၃၂ ယောက် ကျောင်းအပ်နှံခဲ့ကြပြီး ယင်းအနက် ကျောင်းသူ/ကျောင်းသား ၄၅၇၃ ယောက်က ကျောင်းတက်ရောက်ခဲ့ကြခြင်းဖြစ်သည်။ ချင်းပြည်နယ်တွင် မြို့နယ် ၉ မြို့နယ်ရှိပြီး လက်ရှိတွင် ကျောင်းဖွင့်ကာ ကျောင်းစာသင်ကြားနိုင်သောမြို့နယ်မှာ ၅ မြို့နယ်ရှိသော်လည်း အာဏာသိမ်းဆန့်ကျင်လှုပ်ရှားမှု CDM တွင်ပါဝင်သော ဆရာ၊ ဆရာမ များသည့် ကျောင်းများသည် မဖွင့်လှစ်ကြောင်း ချင်းပြည်နယ် ပညာရေးဌာန လက်ထောက်ညွှန်ကြားရေးမှုးက ပြောသည်။ “တချို့ CDM ဝင်တဲ့ ကျောင်းဆရာ၊ဆရာမ များတဲ့ကျောင်းတွေကမဖွင့်နိုင်ဘူး၊ တယောက်တလေ ကျန်တဲ့ဟာတွေကို ဥပမာ ဟားခါးအနေနဲ့ဆိုရင်…
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့တွင် ကိုဗစ် ၁၉ ရောဂါကြောင့် ၂၈ ရက်သားအရွယ် ကလေးငယ်တစ်ဦး ယနေ့နံနက်ပိုင်းကသေဆုံးခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ခံရသူစုစုပေါင်း ၁၅၀ ကျော်ရှိသွားပြီဟု တမူးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းကပြောသည်။ တမူးမြို့တွင် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကစ၍ RDT Test Kit ဖြင့် ကိုဗစ် ၁၉ ရောဂါရှိမရှိ စစ်ဆေးခဲ့ရာ ဇွန်လ ၂ ရက်နေ့အထိ ကိုဗစ် ၁၉ ရောဂါကူးစက်ခံရသူ ၁၅၀ ကျော်ခန့်ရှိခဲ့ပြီး ယနေ့နောက်ဆုံး စစ်ဆေးချက်အရ ၂၁ ဦးထပ်မံတွေ့ရှိကာ စုစုပေါင်း ၁၇၁ ဦးထိ Positive လူနာရှိသွားပြီဖြစ်သည်။ “ကိုဗစ်ကူးစက်လူနာ ဒီနေ့ဆိုရင် ၂၁ ဦးထပ်တိုးတယ် ပိုးတွေ့လူနာများလာတော့ ဒီနေ့ဆို မနက် ၃ နာရီ လောက် ၂၈ ရက်သားလေးသေဆုံးတာရှိတယ်၊ သူ့အမေကလည်း Positive လူနာလည်းဖြစ်တော့ အဲလို ဖြစ်သွားတာ” ဟု တမူးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးကပြောသည်။ ကိုဗစ် ပိုးတွေ့လူနာများကို တမူးမြို့ပြည်သူ့ဆေးရုံကြီးနှင့် မင်းသားတိုက်နယ်ဆေးရုံတို့တွင် ကြပ်မတ်ကုသပေးလျှက်ရှိကာ သံသယလူများကိုမူ အစိုးရဆောက်လုပ်ရေးဝန်းထဲတွင် ကွာရန်တင်းအဖြစ် ထားရှိသည်ဟုသိရသည်။ ကိုဗစ် ၁၉ ရောဂါကူးစက်မှုမြင့်တက်လာခြင်းကြောင့် ပါဆယ်စနစ်ကျင့်သုံးခြင်း မြို့အဝင်/ထွက် ခရီးသွား လုပ်ငန်းများ ပိုမိုကြတ်ပေးရန်တိုင်းဒေသကြီးသို့ တင်ပြထားကြောင်း ဒု အုပ်ချုပ်ရေးမှူးကပြောသည်။ အိန္ဒိယ-မြန်မာအမှတ် (၁) နယ်စပ်ကုန်သွယ်ရေးစခန်းအခြေစိုက်ရာမြို့ဖြစ်သည့် တမူးမြို့တွင် ယခင် ကိုဗစ်ပထမလှိုင်းဖြစ်ပွားချိန်ကတည်းက နယ်စပ်ကုန်သွယ်ရေးအားပိတ်ထားကာ ယနေ့ချိန်ထိ တရားဝင်ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးကြောင်းသိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်းဒေသကြီးနယ်စပ် ရွှေအောင်သာကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီနှင့် Mindat-CDF ပြည်သူ့ကာကွယ်ရေးတပ်များအကြား ယနေ့ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက်မှ ၇ ယောက်အထိသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂ ရက်နေ့ည ၁၀ ဝန်းကျင်ခန့်က ရွှေအောင်သာ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားခဲ့ပြီး ယနေ့နံနက်ပိုင်း ၅ နာရီခွဲမှ ၇ နာရီဝန်းကျင်ခန့်အထိ Mindat-CDF နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။ ယနေ့မနက်ပစ်ခတ်မှုတွင် Mindat-CDF ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းသိရပြီး အခြားသောဒေသများတွင် ပစ်ခတ်မှုမရှိသေးသော်လည်း မင်းတပ်မြို့နယ် ထင်ချောင်းဘက်တွင်လည်း နှစ်ဘက်တပ်ဖွဲ့များအသင့်အနေအထားတွင်ရှိနေကြသည်ဟုသိရသည်။
