Author: Editor

(004SS) မန္တလေးတိုင်း၊ ညောင်ဦးခရိုင်၊ ကျောက်ပတောင်းမြို့မရဲစခန်းမှ အမျိုးသမီး ဒုရဲအုပ်တစ်ဦးသည် သူမ၏မိသားစုနှင့်အတူ CDF – KKG ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် CDF- KKG သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်သည်။ အဆိုပါအမျိုးသမီး ဒုရဲအုပ်သည် သူမ၏ အမျိုးသားနှင့် ကလေး စုစုပေါင်း ၃ ဦးတို့သည် ဩဂုတ်လ ၁၆ ရက်နေ့က CDF- KKG ထံရောက်ရှိလာခြင်းဖြစ်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း CDF- KKG သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။ “ပြီးခဲ့တဲ့ ၁၆ ရက်နေ့က ကျွန်တော်တို့ဆီရောက်လာတာ၊ သူရဲ့ အသိဆီကနေ ကျွန်တော်တို့ဆီရောက်လာတာပေါ့နော်။ သူတို့လာရတဲ့ခရီးကဝေးတယ်ဆိုတော့၊ လက်နက်ခဲယမ်းတော့ မပါဘူး၊ သူရယ်၊ သူ့ယောကျ်ားရယ် ကလေးတစ်ယောက်ရယ် ၃ ယောက်ပေါ့” ဟု ပြန်ကြားရေးတာဝန်ခံက ‌ပြောသည်။ ယခုနှစ် ၂၀၂၄ ခုနှစ်အတွင်း ဒုရဲအုပ် ၂ ဦးအပါအဝင် ရဲ ၆ ဦးသည် CDF-KKG ထံ လက်နက်ခဲယမ်းနှင့် အလင်းဝင်ရောက်လာကြသည်ဟု CDF-KKG ပြန်ကြားရေးတာဝန်ခံထံမှ သိရသည်။ ထို့အပြင် သုံးပွင့်ဗိုလ်အပါအဝင် စစ်သားနှင့် ပျူစောထီးများ၊ ကျောင်းဆရာ၊ ဆရာမ များနှင့် အခြားဝန်ထမ်းများလည်း CDF-KKG ထံ အလင်းဝင်ကြသည်ဟု သိရသည်။ “ကျွန်တော်တို့ဆီမှာ မှတ်မှတ်ရရ သုံးပွင့်ဗိုလ်ရယ် စစ်သားတွေရော ပျူစောထီးတွေ၊ ကျောင်းဆရာ၊ ဆရာမတွေရော အခြားသူတွေကောပေါ့ အလင်းဝင်လာကြတယ် အဲထဲမှာ ရဲကတော်တော်နည်းတယ်။ ပြောချင်တာက…

Read More

(002MG) ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် စစ်ကောင်စီတပ်စွဲရာ အနီးအနားက လူနေထိုင်ခြင်းမရှိ သည့် နေအိမ် (၅) လုံး ယမန်နေ့ညက မီးလောင်ပြာကျသွားသည်ဟု သိသည်။ ဩဂုတ်လ ၂၂ ရက် ည ၁၁ နာရီဝန်းကျင်ခန့်တွင် မင်းတပ်မြို့ အနောက်ရပ်ကွက် မင်းတပ်- မတူပီကားလမ်းမကြီးဘေး ဝိတိုရိဘော်ဒါဆောင်အောက်ဘက်ရှိ လူနေအိမ်များမီးလောင်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ဒေသခံတစ်ဦးကပြောသည်။ “နေအိမ်က ၅ အိမ်ပါသွားတယ် အဲ့အိမ်တွေက လူမနေတော့ဘူး၊ အရင်မှာ ၃ အိမ်လောက်က လူနေသေးတယ်၊ အခုနောက်ပိုင်းအကုန်လုံးစစ်ဘေးရှောင်ပြေးကြတာပေါ့။ ဘယ်လိုလောင်လဲဆိုတာ သွားလို့မရတေ့ မသိရဘူး၊ စစ်တပ်နဲ့နီးတော့ တော်ရုံတန်ရုံဘယ်သူမှမသွားရဲဘူး” ဟု မင်းတပ်မြို့ခံကပြောသည်။ မီးလောင်ကျွမ်းရသည့်အကြောင်းရင်းမသိရသော်လည်း မီးလောင်မှုမဖြစ်ပွားခင်တွင် မင်းတပ်မြို့ပေါ်က ခလရ ၂၇၄ တပ်ရင်းမှ လက်နက်ကြီး ၄ ကြိမ်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။ ထို့အပြင် ယခုမီးလောင်မှုဖြစ်ပွားသည့် နေရာအနီးတဝိုက်တွင် စစ်ကောင်စီတပ်ဖွဲ့များတပ်စွဲထားကြပြီး မီးလောင်မှုမှာ ၎င်းတို့လက်ချက်ဖြစ်နိုင်သည်ဟု ဒေသခံများကပြောသည်။ မင်းတပ်မြို့ပေါ် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီတပ် ခလရ (၂၇၄) တပ်ရင်းသည် မကြာခဏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းများပိုမိုပြုလုပ်နေသောကြောင့် မြို့ခံပြည်သူများ ကြောက်ရွံ့နေကြပြီး စစ်ဘေးတိမ်းရှောင်သူ များပြားလာသည်ဟု သိရသည်။ ထို့အပြင် ပြီးခဲ့သည် မေလနောက်ပိုင်းကစ၍ မင်းတပ်မြို့သိမ်းတိုက်ပွဲ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုကာ ပြည်သူအများ စုသည် ကြိုတင်စစ်ဘေးတိမ်းရှောင်ခဲ့ကြသောကြောင့် မင်းတပ်မြို့ပေါ်တွင် လက်ရှိ လူဦးရေ (၂၀၀) ဝန်းကျင်သာ ရှိသည်ဟု မင်းတပ်မြို့ခံကပြောသည်။

Read More

(002MG) ချင်းပြည်နယ်၊ တီးတိန်မြို့အတွင်း သောက်သုံးရေဖြန့်ဝေပေးနေသူအမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက ရေဖွင့်ရန်အသွားမှာ နင်းမိုင်းနင်းမိကာ ခြေတဖက်ပြတ်သွားသည်ဟု သိရသည်။ တီးတိန်မြို့ခံ အမျိုးသားတဦးက “သောက်သုံးရေဖြန့်တဲ့တယောက်ပါ။ ဒီနေ့မနက် သောက်သုံးရေဖြန့်ဖို့ တီးတိန်မြို့က အဓိကသုံးတဲ့ မိုက်ခရိုဝေ့အောက်က ရေဖွင့်သွားတာ မိုင်းနင်းမိတာ။ အခုတော့ဆေရုံရောက်တယ်၊ ဒဏ်ရာက ပြင်းထန် တယ်ခြေဖဝါးထိတာ။ အသက်အန္တရာယ်တော့မစိုးရိမ်ရပေမယ့်သွေးကလိုနေတာ” ဟု ပြောသည်။ မိုင်းနင်းမိသူမှာ အသက် ၄၅ နှစ်အရွယ် Pu Kam Khua Thawn ဖြစ်ပြီး ယနေ့ သြဂုတ်လ ၂၃ ရက် ယနေ့မနက် ၇ နာရီ ခန့်တွင် ပြည်သူ့ဆေးရုံ ဝန်ထမ်းအိမ်ယာ အထက်နားမှာသို့ ရေခလုပ်ဖွင့်ရန်အသွားမှာ မိုင်းနင်းမိခဲ့ခြင်းဖြစ်သည်။ တီးတိန်မြို့ပြည်သူ့ဆေးရုံတွင် ကုသမူခံယူနေဆဲဖြစ်ကာ အရေးပေါ်သွေးသွင်းရန် သွေး (၅) ပုလင်းလို အပ်နေပြီး လက်ရှိတွင် သွေး (၃) ပုလင်း ရရှိထားပြီဖြစ်ကြောင်း တီးတိန်မြို့ခံကပြောသည်။ ပြီးခဲ့သည့် မေလ ၂၆ နေ့ တီးတိန်မြို့တွင်း တိုက်ပွဲကြောင့် မြို့တွင်းရေပေးဝေမှုများ ပျက်စီး ပြတ်တောက်ခဲ့ရပြီး ဒေသခံများ၏ ပြန်လည်ပြုပြင်မူကြောင့် ဇူလိုင် ၈ ရက်နေ့ကစတင်ကာ ပုံမှန်အတိုင်း ရေများပြန်လည်ဖြန့်ဝေနိုင်ခဲ့ကြ သည်ဟုသိရသည်။ တိုက်ပွဲကြောင့် တစ်မြို့လုံး စစ်ဘေတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံ ပြည်သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီဖြစ်ကာ တီးတိန်မြို့သည်လည်း ယခင်အတိုင်း ပုံမှန်အခြေအနေ ပြန်ရောက်နေပြီဖြစ်ကြောင်းဒေသခံများထံမှ သိရသည်။

Read More

|| လောက်တူနယ်ဒေသက ဘာသာရေးအယူဝါဒဆိုင်ရာ ပြဿနာကြောင့် ကျေးရွာမှ မောင်းထုတ်ခံရသည့်ဖြစ်စဉ်အပေါ် လောက်တူနယ်ဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူနှင့် ဆက်သွယ်မေးမြန်းချက် (006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောင်ထန်တလန်ကျေးရွာမှာ ဘာသာအယူဝါဒဆိုင်ရာပြသနာဟာ ၂၀၂၄ နှစ်ဦးပိုင်းကတည်းက စတင်နေခဲ့ပါတယ်။ အဲဒီပဋိပက္ခက ဩဂုတ်လအတွင်း အဆိုးဝါးဆုံးအခြေအနေအထိ ရောက်ရှိလာပြီး လူပေါင်း ၅၀ ခန့် ရွာကနေ နှင်ထုတ်ခံလိုက်ရမှုဟာ အွန်လိုင်းပေါ်မှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့လာခဲ့ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အမှန်၊ အမှား ရောထွေးနေတဲ့ သတင်းအချက်အလက်တွေ အလျင်အမြန် ပျံ့နှံလာသလို ချင်းဒေသတွင်း သတင်းမီဒီယာတချို့ကလည်း တာဝန်ခံရှိသူတွေထံ မေးမြန်းခြင်းမရှိ/ပြုဘဲ နီးစပ်ရာကို မေးမြန်း၍ သတင်းတွေရေးသားခဲ့ရာမှာ ဘာသာနှစ်ခုကြား ပဋိပက္ခအဖြစ် မှားယွင်းပုံဖော်ခဲ့ကြပါတယ်။ ဖြစ်စဉ်အမှန်က ကျေးရွာအုပ်ချုပ်ရေး တာဝန်ရှိသူတွေ၊ ရပ်မိရပ်ဖတွေနဲ့ AG အသင်းတော်ဝင်တွေကြား ပဋိပက္ခဖြစ်ပွားနေခဲ့တာဖြစ်ပြီး လောက်တူနယ်ဒေသရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ လောက်တူပြည်သူ့ရေးရာ ကောင်စီမှာ ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေချိန် ဆိုးဝါးတဲ့အခြေအနေတစ်ခုထိဖြစ်လာခဲ့တာပါ။ လောင်ထန်တလန်ဖြစ်စဉ်နဲ့ ပတ်သက်လို့ ဖြေရှင်းနိုင်ရေး ဆောင်ရွက်မှုအခြေအနတွေ၊ ဒီဖြစ်စဉ်ကနေ လောက်တူနယ်ဒေသ တော်လှန်ရေးကို ဘယ်လိုသက်ရောက်မှုတွေ ရှိနေသလဲဆိုတာ ဒေသပြည်သူ့အုပ်ချုပ်ရေးမှူး Salai Saw Bii ( ဆလိုင်းစော်ဗီး)ကို ခိုနူမ်းသုန်းသတင်းဌာနက Salai Vakok က ဆက်သွယ်မေးမြန်းထားပါတယ်။ မေး – လောင်ထန်တလန်ကျေးရွာ အခြေအနေနဲ့ လောက်တူနယ်အခြေအနေ အကြောင်းကို အရင်ပြောပြပေးပါ။ ဖြေ- လောက်တူနယ်ဒေသဟာ အာဏာမသိမ်းမီအချိန်အထိ ဟားခါးမြို့နယ်၊ ထန်တလန်မြို့နယ်နဲ့ မတူပီမြို့ နယ် ၃ ခုဖြင့် ပိုင်းခြားအုပ်ချုပ်ခြင်းခံခဲ့ရတဲ့ တစ်ဆက်တစ်စပ်တည်းရှိတဲ့ နယ်မြေဒေသတစ်ခုဖြစ်ပြီး…

Read More

(006SV) ချင်းပြည်တွင် ချင်းတော်လှန်ရေးအဖွဲ့အချင်းချင်းကြား ဖြစ်ပွားနေသည့် လက်ရှိပဋိပက္ခများ ဖြေရှင်းနိုင်ရေးကို ချက်ချင်းဆောင်ရွက် သင့်သည်ဟု ချင်းလူထုစစ်တမ်းတွင် ဖြေဆိုသူ ၈၈ ရာခိုင်နှုန်းက ပြောကြောင်း Chin Civic Movement – CCM က ထုတ်ပြန်သည်။ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်က “လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခအပေါ် ချင်းလူထု၏ သဘောထားအမြင် စစ်တမ်း တွေ့ရှိ ချက်များ”အပေါ် သတင်းစာရှင်းလင်းပွဲတွင် Chin Civic Movement တာဝန်ရှိသူများက ပြောဆိုခြင်းဖြစ်သည်။ “ဘယ်အချိန်မှာ ချင်းပဋိပက္ခကို ဖြေရှင်းသင့်လဲလို့ ကျမတို့ မေးတဲ့အခါမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းကို ဆောင်ရွက်သင့်တယ် ပေါ့နော်။ အဲလိုဖြေဆိုထားတယ်။ ၅ ရာခိုင်နှုန်းက မြို့သိမ်းတိုက်ပွဲပြီးမှ ဆောင်ရွက်ရန်လို့ဖြေဆိုတာတွေလည်း ရှိသလို ချင်းပြည် နယ်တစ်ခုလုံးကို သိမ်းပိုက်ပြီးမှ ဆောင်ရွက်သင့်တယ်လို့ ဖြေတာလည်း တွေ့ရှိရပါတယ်။ ဒီမှာ ၈၈ ရာခိုင်နှုန်းက ချက်ချင်းဆောင် ရွက်ဖို့ လိုမယ်ဆိုပြီးတော့ ဖြေထားတာတွေကို အဓိက တင်ပြချင်ပါတယ်” ဟု CCM အဖွဲ့ဝင်တစ်ဦးဖြစ်သူ Mai Mawite က ပြောသည်။ ချင်းပြည်ကောင်စီနှင့် ICNCC၊ ချင်းညီနောင်အဖွဲ့တို့ကြား ဖင်လန်နိုင်ငံအခြေစိုက် Crisis Management Initiative – CMI ၏ ကမကထ ဦးဆောင်စီစဉ်မှုဖြင့် ဩဂုတ်လကုန်ပိုင်းတွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ နှစ်ဖက်တွေ့ဆုံညှိနှိုင်းကြမည်ဟု သတင်းများထွက်အပြီးမှာ CCM ကလည်း ချင်းလူထုသဘောထားကို ထုတ်ပြန်ခြင်းဖြစ်သည်။ ချင်းလူထုစစ်တမ်းကို မတူကွဲပြားသော ချင်းမျိုးနွယ်စု ၃၅…

Read More

(002MG) စစ်ကိုင်းတိုင်း ကလေးမြို့နယ် ရှားတောကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့က ချင်းအမျိုးသားကာကွယ်ရေး တပ်ဖွဲ့ CNDF ရဲဘော်တစ်ဦးကို ဖမ်းဆီးပြီး ကျေးရွာအတွင်းရှိလူနေအိမ်နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု သိရသည်။ ယမန်နေ့ဩဂုတ်လ ၂၀ ရက်က ကလေးမြို့အနောက်တောင်ပိုင်း ရှားတောကျေးရွာဖက်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် CNDF ရဲဘော် ဆလိုင်း ဗန်ထာဘိခ် ဖမ်းဆီးခံရပြီး စစ်ကောင်စီက သတ်ဖြတ်မီးရှို့ခဲ့သည်ဟု CNO/CNDF ပြောခွင့်ရ Salai Timmy က ပြောသည်။ “စစ်ကောင်စီက နေအိမ်တွေမီးရှို့တယ်၊ကျွန်တော်တို့ CNDF ကရဲဘော်တဦးလည်းသူတို့က ဖမ်းပြီးမှ သတ်ပြီး နေအိမ်မီးရှို့တဲ့နေရာမှာတခါတည်းမီးရှို့တာ” ဟု ပြောသည်။ စစ်ကောင်စီတပ်ဖွဲ့သည် ကား (၅) စီးအပါအဝင် ခြေလျင်စစ်ကြောင်းဖြင့် ရှားတောကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲ့ လုံခြုံရေးစခန်းအား အလစ်အငိုက် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ထို့နောက် ရှားတောကျေးရွာနှင့် သုံးအိမ်စု ကျေးရွာတို့ကို မီးရှို့ခဲ့ပြီး သုံးအိမ်စုကျေးရွာက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ် ၃၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟုသိရသည်။ လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဟု သိရသော်လည်း ကလေး အနောက်တောင်ပိုင်းတွင်ရှိသည့် ရှားတော၊ စီးစံ၊ လေးအိမ်စု၊ မြောင်းဆုံ၊ စက္ကန့်၊ သုံးအိမ်စု၊ ဆည်တောကျေးရွာက ဒေသခံများ တိမ်းရှောင်နေကြဆဲဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် စစ်ကောင်စီတပ်နှင့် အချိန်မရွေးတိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်က ယနေ့မှာ ထုတ်ပြန်သည်။ မင်းတပ်မြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုများနှင့် ဒရုန်းဖြင့် တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသောကြောင့် စစ်ကောင်စီ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မင်းတပ်တို့ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်ကြောင်း ဩဂုတ်လ ၂၁ ရက်မှာ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် တိုက်ပွဲများဖြစ်ပွားလာပါက တိုက်ပွဲသတင်းများ၊ ထိခိုက်ကျဆုံးမှုများ၊ တိကျခိုင်လုံမှု မရှိသည့် သတင်းများကို လူမှုကွန်ယက်ပေါ်တွင် ဖြန့်ဝေခြင်းများ လုံးဝ မပြုလုပ်ကြရန် CDF – မင်းတပ်က ကြိုတင် အသိပေးထုတ်ပြန်ခဲ့သည်။ ယခုရက်ပိုင်းအတွင်း မင်းတပ်မြို့ အနောက်ခြမ်း နေရာများ၊ တိုက်နယ် (၁)၊ တိုက်နယ် (၃)၊ တိုက်နယ် (၄) ထဲက နေရာများ၊ မကွေးတိုင်း ကျောက်ထုနယ်စပ်အနီးက နေရာများကို လေကြောင်းတိုက်ခိုက်မှုများ၊ လက်နက်ကြီးဖြင့် ပစ်ခတ်မှုများ ပိုမိုပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ချင်းညီနောင်အဖွဲ့နှင့် အာရက္ခတပ်တော် AA/ULA တို့သည် မင်းတပ်မြို့သိမ်းတိုက်ပွဲကို စတင်ဆင်နွှဲရန် ပြင်ဆင်နေသည်ဟု သတင်းတွေ ထွက်ပေါ်နေပြီးနောက် စစ်ကောင်စီက မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက် ပြုလုပ်လာနေကြောင်း ဒေသခံများက ပြောသည်။ မင်းတပ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသောကြောင့် လူစုလူဝေးပြုလုပ်ခြင်း၊ နေအိမ်များအနီး ပုန်းခိုစရာနေရာများ သေချာပြင်ဆင်ခြင်း၊ အန္တရာယ်ကင်းရန် သတင်းများကို အုပ်ချုပ်ရေးမှူး သို့မဟုတ် တာဝန်ရှိသူများထံသာ မေးမြန်းခြင်း၊ အများပြည်သူများ စိတ်သောကရောက်စေသည့် သတင်းမှားဖြန့်ဝေခြင်းများ မပြုလုပ်ကြရန် CDF-Mindat က…

Read More

(005MK) မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့တွင် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) နှင့် ချင်းညီနောင်အဖွဲ့က ဦးဆောင်သူများကို Zo Reunification Organization (ZORO) အဖွဲ့က ယနေ့ဩဂုတ်လ ၂၁ ရက်နေ့တွင် ခေါ်ယူတွေ့ ဆုံခဲ့သည်ဟု သိရသည်။ အိုင်ဇောလ်မြို့ Treasury Square အနီး ZORO ရုံးချုပ်မှာ ယနေ့ဩဂုတ်လ ၂၁ ရက် နေ့လည် ၁၂ နာရီတွင် တွေ့ဆုံခဲ့ကြပြီး လက်ရှိချင်းပြည်အတွင်းတော်လှန်ရေးတပ်ဖွဲ့အချင်းချင်းကြားဖြစ်ပွားနေသော ပဋိပက္ခ အခြေအနေများကို ဆွေးနွေးခဲ့ကြသည်ဟု ZORO က ထုတ်ပြန်သည်။ ချင်းပြည်နယ်ထဲမှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရအဖွဲ့ နှင့် ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ/ ချင်းညီနောင်တပ်ဖွဲ့တို့အကြား သဘော ထားကွဲလွဲ မှုကြောင့် အပြန်အလှန်ပစ်ခတ်သည့်အထိဖြစ်ပွားခဲ့မှုအပေါ် ZORO အနေဖြင့် မလိုလားကြောင်း၊ မိမိတို့သည် ညီအကိုများဖြစ်ကြကာ အငြင်းပွားမှုများ ဖြစ်ပွားမနေသင့်ဘဲ စည်းလုံး ညီညွတ်စွာ အတူနေထိုင်ရမည့်သူများဖြစ်ကြသည်ဟု ZORO ကပြောသည်။ “ကျနော်တို့တွေဟာ ညီအကိုတွေဖြစ်တယ်၊ ပိုင်းခြားလို့မရဘူး၊ အချင်းချင်းတိုက်ပွဲလည်းဖြစ်လို့မရဘူးဆိုတဲ့အချက်မှာ လေးလေးနက်နက်နားလည်ထားဖို့လိုပါတယ်၊ ဆင်းသက်လာရာတူညီတဲ့ ညီအကိုတွေဖြစ်တဲ့အတွက် ဘုရားသခင်က လည်း တနေ့နေ့တချိန်ချိန်မှာ ပြန်လည်စုစည်းပေးမယ်လို့လည်း ယုံကြည်တယ်၊ ဒါကြောင့် ညီအကိုချင်းတိုက်ပွဲဖြစ်တာ မကောင်းဘူး သင့်မြတ်ကြဖို့လိုအပ်ပါတယ်၊ သင့်သင့်မြတ်မြတ်စည်းစည်းလုံးလုံးနဲ့ နေကြတာကိုပဲ ကျနော်တို့လိုချင်တယ်၊ ဒါမိမိတို့အဖွဲ့အစည်းရဲ့ ရပ်တည်ချက်လည်းဖြစ်တယ်၊ ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ကြားဝင်ဆောင်ရွက်ပေး နေတာလည်းဖြစ်ပါတယ်” ဟု ZORO အတွင်းရေးမှူး Pu L. Ramdinliana Renthlei က ပြောသည်။ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဦးဆောင်သူ ချင်းပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးလျန်လွယ်ကလည်း ယခုကဲ့သို့ ZORO…

Read More

(005MK) အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ ချင်းလဲန်းကောင်စီ/ချင်းပြည်အစိုးရ နှင့် မီဇိုးကျောင်းသားသမဂ္ဂ MZP အဖွဲ့တို့ ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး အချက် ၃ ချက်သဘောတူခဲ့ကြသည်ဟု သိရသည်။ အိုင်ဇောလ်မြို့ MZP ဗဟိုရုံးချုပ်မှာ ဩဂုတ်လ ၂၀ ရက် မနက် ၁၁ နာရီမှာတွေ့ဆုံခဲ့ကြပြီး ချင်းမျိုးနွယ်စု အချင်းချင်းကြား ပူးပေါင်းဆောင်ရွက်မှုအားကောင်းလာစေရေးနှင့် စည်းလုံးညီညွတ်မှုရှိလာစေရေးအတွက် အတူတကွ ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်ဟု MZP က ဩဂုတ်လ ၂၁ ရက်မှာ သတင်းထုတ်ပြန်သည်။ ယင်းအစည်းအဝေးတွင် မိမိတို့သည် ညီအကိုတွေဖြစ်ကြပြီး၊ စည်းလုံးညီညွတ်ရေးအတွက် MZP အဖွဲ့၏ ကြိုးစားဆောင်ရွက်ချက်များကို အားပေးထောက်ခံကြောင်း၊ ချင်းမျိုးနွယ်စုများအကြား သဘောထားကွဲလွဲမှုများရှိခဲ့သော်လည်း အကြမ်းဖက်သောနည်းလမ်းကို အသုံးမပြုရန် နှင့် ချင်းလဲန်းကောင်စီအနဖြင့် ချင်းပြည်အတွင်းရှိ အဖွဲ့အစည်းအသီးသီးနှင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး နည်းလမ်းများရှာဖွေသွားရန် စသည့် အချက် ၃ ချက်ကို ဆွေးနွေးသဘောတူခဲ့ကြသည်ဟု MZP ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယမန်နေ့က ပြုလုပ်သည့် အစည်းအဝေးမှာ ချင်းပြည်ဝန်ကြီးချုပ်ပူးပါထန်း၊ ချင်းလဲန်းကောင်စီ ဒု-ဥက္ကဌ ဆလိုင်းမင်းညိုနှင့် ချင်းပြည်လွှတ်တော်က တာဝန်ရှိသူတချို့လည်း ပါဝင်ခဲ့ကြသည်ဟုသိရသည်။ မီဇိုးကျောင်းသားသမဂ္ဂ MZP သည် ချင်းမျိုးနွယ်စုအချင်းချင်းကြား စည်းလုံးညီညွတ်မှုအားကောင်းလာစေရေးလိုလား သောအဖွဲ့ဖြစ်ပြီး ယင်းအတွက် ကြားဝင်ဆောင်ရွက်ပေးနေသည့်အဖွဲ့လည်းဖြစ်သည်။ ယခုလ ၇ ရက်နေ့တုန်းကလည်း မီဇိုးကျောင်းသားသမဂ္ဂ(MZP) နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) ခေါင်းဆောင်တချို့တို့ အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ကြပြီး ချင်းညီညွတ်ရေးကိစ္စကိုဆွေးနွေးခဲ့ကြပြီးဖြစ်သည်။

Read More

(006SV) ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ လောက်တူနယ်ဒေသ၊ လောင်ထန်တလန်ကျေးရွာ၏ ဘာသာအယူဝါဒဆိုင်ရာပြဿနာကြောင့် ကျေးရွာမှနှင်ထုတ်ခံရသောဖြစ်စဉ်ကို လောက်တူ ပြည်သူ့ရေးရာကောင်စီ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။ လောင်ထန်တလန်ကျေးရွာအတွင်းရှိ နှစ်ခြင်းအသင်းတော် နှင့် Assemblies of God – AG အသင်းတော်ကြား ဖြစ်ပွားသော ဘာသာရေး ပြဿနာမှာ ညှိနှိုင်း၍ မရသောကြောင့် AG အသင်းသူ၊ အသင်းသားများ ဩဂုတ်လ ၁၅ ရက်က ရွာမှ နှင်ထုတ်ခံရမှု နှင့်ပတ်သက်၍ လောင်တူနယ်ဒေသ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – LRPA က ဩဂုတ်လ ၁၉ ရက်က အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။ ၂၀၂၄ ခုနှစ် ဧပြီလကုန်ပိုင်းမှ အစပြု၍ လောင်ထန်တလန်ကျေးရွာတွင် ဘာသာရေးအဖွဲ့အစည်များကြား ဘာသာရေး ပြသာနာ ဖြစ်ပွားနေခဲ့ပြီး နှစ်ဖက်စလုံးမှ ဒေသတရားရေးအဖွဲ့သို့ အပြန်အလှန် တိုင်တန်းခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ မလိုလားအပ်သော လူမှုရေးပြဿနာများဖြစ်ပွားစေနိုင်သော ဘာသာရေး ကိစ္စအဖြစ် ဒေသတရားရေးအဖွဲ့က သုံးသပ်ပြီး ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံ ကြားဝင်ဖြန့်ဖြေပေးနိုင်ရန် ၂၀၂၄ ခုနှစ် မေလ ၈ ရက်က လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ မေလ ၁၅ ရက်နှင့် ၂၅ ရက်တို့တွင် ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က နှစ်ကြိမ် မြေပြင်သို့ ကွင်းဆင်းဖြန့်ဖြေမှုများ ဆောင်ရွက်ခဲ့ သော်လည်း နှစ်ဖက်တင်းမာမှု မြင့်မားနေသောကြောင့် ပြေလည်မှုရရှိသည်အထိ ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း သိရသည်။ လိုအပ်သော အကြံဉာဏ်များ ရယူခြင်း၊ ညှိနှိုင်းအစည်းအဝေးပြုလုပ်ခြင်းများ ဆောင်ရွက်ပြီး လောက်တူ ပြည်သူ့ရေးရာ ကောင်စီအစည်းအဝေတွင်…

Read More