(006SV)
ချင်းကာကွယ်ရေးတပ်ဖွဲ့ – ထန်တလန်၏ ပထမအကြိမ်ညီလာခံကို ထန်တလန်မြို့နယ်အတွင်းရှိ တစ်နေရာမှာ ၃ ရက်တာ ကျင်းပခဲ့ပြီး ချင်းအမျိုုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးအပါအဝင် အချက် (၃) ချက်ကို အတည်ပြု သတ်မှတ်ခဲ့ကြောင်း CDF ထန်တလန်က သတင်းထုတ်ပြန်သည်။
ပထမအကြိမ်မြောက်ညီလာခံကို အောက်တိုဘာလ ၁၈ ရက်မှ ၂၀ ရက်ထိ တပ်ရင်းကိုယ်စားလှယ်များ၊ ဒေသကိုယ်စားလှယ်များ၊ ရပ်ရွာတာဝန်ခံ ကိုယ်စားလှယ်များနှင့် အထူးဧည့်သည်များအပါအဝင် ၁၉၀ ကျော် တက်ရောက်ခဲ့ပြီး ကျင်းပပြီးစီးခဲ့သည်ဟု အောက်တိုဘာလ ၂၄ ရက်က သတင်းထုတ်ပြန်ခြင်းဖြစ်သည်။
ညီလာခံမှ စစ်အာဏာရှင်စနစ်အား အမြစ်ဖြုတ်ချေမှုန်းရေး၊ ချင်းအမျိုးသားတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပြန်လည်တည်ထောင်ရေးတို့ကို အတည်ပြု သတ်မှတ်ခဲ့သည်ဟု သိရသည်။
ထို့အပြင် တော်လှန်ရေးကာလအတွင်း ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကိုလည်း အထူးဦးစားပေး ဆောင်ရွက်ရန် ညီလာခံက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ညီလာခံအတွင်း ဆက်လက်လုပ်ဆောင်မည့် လုပ်ငန်းများကို ဆွေးနွေးခြင်းနှင့် ဦးဆောင်မည့်သူများ ပြန်လည်ရွေးချယ်ခြင်းတို့ကို ဆွေးနွေးဆုံးဖြတ်မှုများလည်း ပြုလုပ်ခဲ့သည်ဟု သိရသည်။
CDF ထန်တလန်က ရည်မှန်းချက်များ ဆက်လက်အကောင်အထည်ဖော်နိုင်ရေးအတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်နိုင်ရန် ပြည်တွင်း/ပြည်ပ ပြည်သူများ ဘဏ္ဍာရေးပိုင်းတွင် ပိုမိုပံ့ပိုးကူညီပေးကြရန်လည်း ထပ်မံတိုက်တွန်းထားသည်။