(006SV)
ချင်းပြည်တောင်ပိုင်း၊ မတူပီမြို့နယ်အတွင်း အသစ်ထပ်မံပေါ်ပေါက်လာသော ချင်းအမျိုးသားကောင်စီ – မတူပီ (CNC – မတူပီ) သည် မတူပီပြည်သူလူထုနှင့် MRO/ CDF – မတူပီကို လုံးဝကိုယ်စား မပြုပါကြောင်း မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF – မတူပီက ကြေညာသည်။
“မတူပီကို ဦးဆောင်တဲ့နေရာမှာ အဖွဲ့တွေ အများကြီးကွဲရင် လူထုက အစ အကွဲကွဲ အပြဲပြဲ ဖြစ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် လည်း အရပ်ဖက်-တပ်ဖက် အစုအဖွဲ့ အားလုံးကို စုစည်းနေတဲ့ MRO/CDF-MATUPI မှာ တက်ညီလက်ညီ စည်းစည်းလုံးလုံး ပါဝင်ဖို့လိုအပ်ပါတယ်။ အခုလည်း တပ်ဖက် ဌာနတွေနှင့် အရပ်ဖက်ဌာနအချို့က ပူးပေါင်းပြီး လုပ်ငန်းဖော်ဆောင်နေပါပြီ။ ဆက်လက်ပြီးတော့လည်း ဖော်ဆောင်ဖို့ရှိပါမယ်” ဟု MRO/ CDF – မတူပီ ပြောရေးဆိုခွင့်ရှိသူ ကိုဘွေအုတ်က ပြောသည်။
တော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်၏ နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုနိုင်ရန် ဖွဲ့စည်းထားသော MRO/ CDF – မတူပီ အပြင် ထပ်မံဖွဲ့စည်းသော မည်သည့်အဖွဲ့အစည်း၊ မည်သည့်ကောင်စီသည် MRO/ CDF – မတူပီကို ကိုယ်စားမပြုကြောင်း ဇူလိုင်လ ၂၅ ရက်မှာ MRO က ထုတ်ပြန်သည်။

ဇူလိုင်လ ၁၄ ရက်က ဖွဲ့စည်းလိုက်သော ချင်းအမျိုးသားကောင်စီ – မတူပီသည်လည်း MRO/ CDF – မတူပီနှင့် မတူပီပြည်သူလူထုကို လုံးဝ ကိုယ်စားမပြုပါကြောင်း အများပြည်သူ သိရှိစေရန်ဟူ၍ MRO က ထုတ်ပြန်သည်။
ချင်းပြည်အရေး ၊ မြန်မာ့အရေးတွင် MRO/ CDF – မတူပီ အမည်နာမ တစ်ခုတည်းဖြင့်သာ ဆက်လက်ပါဝင်နေပြီး ICNCC နှင့် ချင်းညီနောင်သို့ ကောင်စီဝင်များ ၊ အဖွဲ့ဝင်များ စေလွှတ်ရာတွင်လည်း MRO/ CDF – မတူပီ အဖွဲ့သာလျှင် ချိတ်ဆက်ပူးပေါင်းလျက်ရှိသည်ဟု သိရသည်။
မတူပီမြို့နှင့် မတူပီမြို့နယ်အတွင်းရှိ တပ်ဖက်- အရပ်ဖက် အင်အားစုများအား အဖွဲ့ချုပ် တစ်ခုအဖြစ် ပေါင်းစည်းနိုင်ရေးအတွက် အရပ်ဖက် ဝန်ထမ်းများ၊ တတ်သိပညာရှင်းများကိုလည်း ဌာနအလိုက် ချိတ်ဆက်ပူးပေါင်း၍ တပ်ဖက် – အရပ်ဖက်လုပ်ငန်းများ ဖောက်ဆောင်လျက်ရှိသည်ဟု MRO က အသိပေးသည်။
၂၀၂၅ ဧပြီလအတွင်းက ညီလာခံမှ အတည်ပြုဖွဲ့စည်းထားသော မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF – မတူပီ သည် တော်လှန်ရေးကာလအတွင်း မတူပီမြို့နယ်အရေးတွင် နိုင်ငံရေး၊ စစ်ရေး ကိုယ်စားပြုသည့်အဖွဲ့ချုပ်ဖြစ်သည်ဟု ဆိုသည်။
ပြည်တွင်းပြည်ပ မတူပီမြို့နယ်ပြည်သူလူထုအနေဖြင့် တော်လှန်ရေးတွင် လူအင်အား၊ ငွေအင်အားနှင့် အကြံဥာဏ်များဖြင့် ပါဝင်လိုပါက MRO/ CDF – မတူပီအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီး တိုက်ရိုက်ချိတ်ဆက် ပူးပေါင်းစေလိုကြောင်း အသိပေးထုတ်ပြသည်။
မတူပီမြို့နယ်အတွင်းက ချင်းတော်လှန်ရေးအင်အားစုတချို့သည် ချင်းအမျိုးသားကောင်စီ- မတူပီကို ကောင်စီဥပဒေပြ ဌာန်းချက်များနှင့်အညီ ဇူလိုင်လ ၁၄ ရက်တွင် အတည်ပြုဖွဲ့စည်းကြောင်း ကြေညာထားသည်။
ချင်းအမျိုးသားကောင်စီ – မတူပီကို ပြည်ထောင်စုအတိုင်းအတာ၊ ချင်းအမျိုးသားတစ်ခုလုံးအတိုင်းအတာနှင့် မြို့နယ် တစ်ခုလုံးအတိုင်းအတာတို့ဖြင့် တော်လှန်ရေးအဖွဲ့အားလုံး အချိတ်အဆက်မိမိ၊ ဟန်ချက်ညီညီ လွှမ်းခြုံဆောင်ရွက်သွားမည်ဟု CNC – မတူပီက ထုတ်ပြန်သည်။
CNC – မတူပီသည် မတူပီမြို့နယ်တော်လှန်ရေးအင်အားစုဖြစ်သည့် MRO / Chin Defense Force – မတူပီ မှ ထပ်မံပေါ် ထွက်လာသော မတူပီတော်လှန်ရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်။
မတူပီမြို့နယ်တွင် ICNCC နှင့် ချင်းညီနောင်အဖွဲ့ဝင် MRO / Chin Defense Force – မတူပီ၊ ချင်းလဲန်းကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့ဝင် Chinland Defense Force – မတူပီ/ မတူပီကောင်စီနှင့် ချင်းအမျိုးသားကောင်စီ – မတူပီဟူ၍ မတူပီကိုယ်စားပြုတော်လှန်ရေး ၃ ဖွဲ့ရှိလာနေသည်ဟု သိရသည်။