(006SV)
ချင်းအမျိုးသားတပ်ဦး (CNF/ CNA) နှင့် အာဏာသိမ်းစစ်ကောင်စီတို့ကြား တွေ့ဆုံညှိနှိုင်းပြီး “နှစ်ဖက် သဘောတူစာချုပ်” ချုပ်ဆိုထားသည်ဟု လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့လာမှုသည် လုပ်ကြံရေးသားထားသည့် အတုဖြစ်သည်ဟု ချင်းအမျိုး သားတပ်ဦး (CNF/ CNA) က ပြောသည်။
ယနေ့ ဇူလိုင်လ ၂၀ ရက်တွင် “သတင်းအမှား ဖြန့်ဝေမှု တုန့်ပြန်ခြင်း” ဟူ၍ ချင်းအမျိုးသားတပ်ဦး (CNF/ CNA) က ပြည်သူလူထုကို တရားဝင်အသိပေးလာခြင်းဖြစ်သည်။
ဖေ့ဘွတ်ဆိုရှယ်မီဒီယာအကောင့်များဖြစ်သော Aung N Htwe (ဂိုလ်ရှယ်လေး)၊ Chin Net၊ Meifar thuthang စသည့်တို့က “နှစ်ဘက်သဘောတူစာချုပ်” ဟူသော သတင်းဓာတ်ပုံဖြင့် စစ်ကောင်စီနှင့် ချင်းအမျိုးသားတပ်ဦး (CNF/ CNA)တို့ အကြား စာချုပ်ချုပ် ဆိုသည်ဟု လုပ်ကြံရေးသားမှုသည် လုံးဝ မဟုတ်မှန်ကြောင်း မိဘပြည်များသို့ CNF/ CNA က ထုတ်ပြန်အသိပေးသည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် ချင်းအမျိုးသားတပ်ဦးသည် NCA လမ်းကြောင်းကို စွန့်လွှတ်လိုက်သည့်အပြင် စစ်ကောင်စီ တပ်ဖွဲ့တချို့ကို စစ်မြေပြင်တွင် စစ်ရေးဗျူဟာအရ လက်နက်ချ၊ အလင်းဝင်စေရေး ဖိအားပေး ပြောဆိုမှုမှအပ စစ်ကောင်စီ၏ မည်သည့်အဖွဲ့ ၊ ပုဂ္ဂိုလ်နှင့်မျှ ဆက်သွယ်စကားပြောခြင်း၊ စာချုပ်ချုပ်ဆိုခြင်းများ မရှိခဲ့ဟု ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်သည်။
ထိုစာအတုသည် ချင်းအမျိုးသားတပ်ဦး၏ ဂုဏ်သိက္ခာကို ကျဆင်းရန် ရည်ရွယ်ချက် ရှိရှိ လုပ်ကြံရေးသားခြင်းသာ ဖြစ်ပြီး အသက် ပေးစွန့်လွှတ်ခဲ့ကြသော တော်လှန်ရေး ရဲဘော်များကို လေးစားသောအားဖြင့် နောင်နောက်တွင် ထိုကဲ့သို့ လုပ်ရပ်မျိုးကို မပြုလုပ်ရန် ချင်းအမျိုးသားတပ်ဦးက သတိပေးထုတ်ပြန်ထားသည်။
၂၀၂၅ ခုနှစ် ဧပြီလ ၂၉ ရက်နေ့စွဲဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ဗိုလ်မှူးကြီး စိုးဝင်းထွန်းနှင့် ချင်းအမျိုးသားတပ်ဦး CNF ဥက္ကဌ တို့ လက်မှတ်ထိုးထားသည်ဟူ၍ ထွက်ပေါ်လာသော စာနှင့်ပတ်သက်၍ CDM ဗိုလ်ကြီး ဇင်ယော်က ယင်းစာပုံစံသည် အတုဖြစ်သည်ဟု မှတ်ချက်ပေးသည်။
“အဲဒီစာကို ကျနော်လည်း တွေ့တယ်။ ဒါကို ကြည့်ရရင် စစ်ဘက်စာ ရေးသားနည်းတွေနဲ့ မကိုက်ညီဘူး၊ ဒါဟာ အတု၊ ဝါဒဖြန့်တဲ့ စာပါ၊၊ စစ်တပ်ဘက်က ဝါဒဖြန့်တဲ့ စာတောင် မဖြစ်နိုင်ဘူး။ စစ်တပ်ဘက်မှာက ဒီလိုစာမျိုးက တပ်ကြပ်ကြီးစာရေး ဒုတိယတန်း လောက်ဆိုရင်တောင်မှပဲ ၊ ဘယ်လိုပြောရမလဲ၊ ဦးစီးတာဝန်ရဲ့ အောက်မှ မဟုတ်ဘူး။ ဒီဟာမှာ စစ်ဘက်ဆိုင်ရာ ရေးသားနည်းမှာ မှားနေတဲ့ ဟာတွေ အများကြီး တွေ့ရပါတယ်။ စားလုံးပေါင်းတပ်ပုံက အစ၊ ပြီးရင် ရုံးစာ တံဆိပ်တုံး၊ ပြီးတော့ စစ်ဘက်မှာ စာပေ၊ စာယူကို အမျိုးမျိုးရှိပါတယ်။ အဲဒီထဲကမှ ပုံစံတွေနဲ့ တခုမှ ကိုက်ညီတာကို မတွေ့ရဘူး။ စစ်တပ်က အတုလုပ်တယ်ဆိုရင် တောင်မှ ပဲ ကျနော်တို့လို ဗိုလ်ကြီးအဆင့်ဆိုရင်တောင် ဒီလိုစာမျိုးဆိုရင် လုံးချေပြီး လွှင့်ပစ်လိုက်မှာပေါ့နော်၊၊ ပုံစံအောက်နေတဲ့ စာပေါ့နော်၊၊ ဒါဟာ စစ်တပ်နဲ့ စိမ်းတဲ့ အဖွဲ့အစည်းတခုကနေ မသိလိုက်ဘာသာ၊ အတုဆိုရင် ပြီးရော ဆိုတဲ့ ပုံစံနဲ့ ရောယောင်လွှတ်တဲ့ စာသာဖြစ်ပါတယ်။ ဆိုလိုတာက ဒီစာက အတုဆိုတာကိုပဲ ပြောပြခြင်းဖြစ်ပါတယ်” ဟု ဗိုလ်ကြီးဇင်ယော်က ပြောသည်။
၂၀၂၁ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး ၄ နှစ်ကျော်ရှိလာချိန်တွင် ချင်းပြည်နယ်မှာ ချင်းတော်လှန်ရေး အင်အားစုများသည် စစ်ရေး၊ နိုင်ငံရေး သဘောထားကွဲလွဲမှုများနှင့် ဒေသနှင့် မျိုးနွယ်စုအရေးများကြောင့် အချင်းချင်း ထိတွေ့ ပစ်ခတ်မှုများဖြစ်ပွားလာသကဲ့သို့ သတင်းတု၊ သတင်းမှားများ၊ အမုန်းတရားလှုံဆော်မှုများ မြင့်မားလာနေပါတယ်။