(006SV)
မတူပီတော်လှန်ရေးအဖွဲ့ချုပ် (MRO)/ CDF – မတူပီသည် မတူပီမြို့နယ်ထဲက ၎င်းတို့ထိန်းချုပ်ဒေသတွင် လွတ်လပ်စွာ ပညာသင်ကြားရေးကို လစ်လျူရှုနေပြီး အပြန်အလှန်လေးစားမှုမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမူနေကြောင်း NUG အစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် မတူပီမြို့နယ်၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့က ပူးတွဲကြေညာသည်။
ပညာသင်ယူနေကြသော ကျောင်းသား/သူများကို အခြေခံပညာပြီး မြောက်သည်အထိ လွတ်လပ်စွာ ပညာသင်ကြားနိုင်ရေးနှင့် ဝန်ထမ်းများ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း MRO/ CDF – မတူပီက ၄ ကြိမ်တိုင်တိုင် လစ်လျူရှုသည်ဟု စက်တင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ခြင်းဖြစ်သည်။
မတူပီမြို့နယ် ကြားကာလပညာရေး ဖော်ဆောင်မှုတွင် အဟန့်အတား အနှောက်အယှက် မဖြစ်စေလိုသောကြောင့် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း MRO/ CDF – မတူပီသည် အပြန်အလှန် လေးစားမှုမရှိဘဲ အာဏာရှင်ဆန်ဆန် ပြုမှုခြင်းလုပ်ရပ်များကို အပြင်းအထန် ကန့်ကွက်ရှုံ့ချကြောင်း ထုတ်ပြန်သည်။
ဩဂုတ်လ ၈ ရက်က ကြားကာလပညာရေးကို ဖော်ဆောင်နေသော အခြေခံပညာ ကျောင်းသား/သူများ၊ ဆရာ/မ များကို ကာယ ကံရှင်၏ ဆန္ဒမပါဘဲ ဥပဒေမဲ့ အတင်းအဓမ္မဖမ်းဆီး စစ်မှုထမ်းစေခဲ့မှု ဖြစ်ပွားပြီးနောက် ဩဂုတ်လ ၁၁ ရက်တွင် MRO/ CDF – မတူပီထံ တွေ့ဆုံရန် တောင်းဆိုသော်လည်း တွေ့ဆုံခြင်း မပြုခဲ့ကြောင်းဟု သိရသည်။
ထပ်မံ၍ ဩဂုတ်လ ၁၂ ရက်က မြို့နယ်ပညာရေးဘုတ်မှ ဦးဆောင်၍ မိဘဆရာ သင်းလုံးကျွတ် အစည်းအဝေး တက်ရောက်သူ ၁၂၇ ဦး၏ ဆုံးဖြတ်ချက်အရ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့၊ ဆရာ/မများ၊ မိဘ ကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင် များသည် တွေ့ဆုံခွင့် တောင်းခံသော်လည်း မပေးခဲ့ကြောင်း သိရသည်။
ဩဂုတ်လ ၁၃ ရက်နှင့် ၁၄ ရက်တို့တွင် MRO/ CDF – မတူပီနှင့် တွေ့ဆုံညှိနှိုင်းနိုင်ရေးအတွက် မတူပီပညာရေး တာဝန်ရှိသူများ သည် ထပ်မံကြိုးပမ်းဆောင်ရွက်ရာမှာလည်း ထပ်မံလစ်လျူရှုခြင်း ခံခဲ့ရသည်ဟု သိရသည်။
CDF – မတူပီ၊ တပ်မဟာ ၁ သည် MRO/ CDF – မတူပီကို ယခုနှစ် ဧပြီလ ၁၀ ရက်တွင် စတင်ဖွဲ့စည်းပြီးနောက် မတူပီမြို့နယ် တော်လှန်ရေး အင်အားစုများ၏ ဌာနဆိုင်ရာလုပ်ငန်းများ၊ ဝန်ထမ်းများ အပေါ် ထိန်းချုပ် ဘောင်ကျော် အမိန့်ပေးမှုများ ပြုလုပ်လာနေသည်ဟု သိရသည်။
MRO/ CDF – မတူပီထံသို့ မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းသော်လည်း မရပါ။
မတူပီမြို့နယ်ပညာရေးဘုတ်အဖွဲ့သည် အမျိုုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာ၏ လမ်းညွှန်မှုနှင့်အညီ မတူပီမြို့နယ် ကြားကာလပညာရေးကို ၂၀၂၁ နိုဝင်ဘာလမှ စတင်၍ ယနေ့အထိ အကောင်အထည်ဖော် လည်ပတ်နေခဲ့ရာ ၄ နှစ်ကျော်ပြီ ဖြစ်သည်။
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)၊ မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေး၊ ချင်းညီနောင် (CB) ၊ CDF – မတူပီ၊ တပ်မဟာ (၁)၊ ကြားကာလ အခြေခံပညာရေး လုပ်ငန်းဆောင်ရွက်မှု ကော်မတီ (IBEWC) ၊ ကြားကာလ ပြည်နယ်ပညာရေးဘုတ် (ISEB) တို့နှင့် ပူးပေါင်းပြီး ကျောင်းသူ/သားများကို ပညာသင်ကြားပေးလျက်ရှိကြောင်း မတူပီမြို့နယ် ပညာရေးဘုတ်အဖွဲ့ထံမှ သိရသည်။
မတူပီမြို့နယ်နှင့် အခြားတော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသော နယ်မြေများ စစ်ကောင်စီ လက်အောက် ပြန်မရောက် ရေးနှင့် ချင်းပြည်အတွင်းက ပဋိပက္ခများအကြား ရှင်သန်ရပ်တည်ရေးအတွက် လိုအပ်သော တပ်ဖွဲ့အင်အားကို ဦးထိပ်ထား၍ မတူပီမြို့နယ်ထဲက အသက် ၁၆ နှစ်မှ ၄၀ နှစ်အတွင်း ပြည်သူအားလုံး စစ်မှုမထမ်းမနေရ အမိန့်ကို MRO/ CDF – မတူပီက ဩဂုတ်လ ၆ ရက်က ကြေညာခဲ့သည်။