ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) က လှူဒါန်းသည့် ကူညီထောက်ပံ့ရေးပစ္စည်းများကို စစ်ကောင်စီကခွင့်ပြုသော မင်းတပ်မြို့ပေါ်ရှိ စစ်ရှောင်စခန်းတွင် နေထိုင်သူများသာ ရရှိကြသည်ဟု သိရသည်။
UNHCR မှလှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် တကိုယ်ရေသုံး အကာအကွယ်ပစ္စည်းကိရိယာများအပါအဝင် အစားအစာမဟုတ်သည့် တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ် စသည့်ပစ္စည်းများသည် ဇူလိုင်လ ၁၉ ရက်နေ့က မင်းတပ်မြို့သို့ ရောက်ရှိလာပြီး UNHRC တာဝန်ရှိသူများက ယမန်နေ့ ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်ကောင်စီက ခွင့်ပြုထားသည့် မြို့ပေါ်ရှိ စစ်ရှောင်စခန်းအချိူ့တွင် စတင်ပေးအပ်ခဲ့ခြင်းဖြစ်သည်ဟု မင်းတပ်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အစပိုင်းမှာ UNHCR ဘက်ကပြောတာတော့ စခန်းအတွင်းမှာနေထိုင်တဲ့သူတွေကိုပေးမယ်။ ဒုတိယအနေနဲ့ စခန်းမှာ စာရင်းသွင်းပြီးတော့ နေအိမ်ပြန်သွားတဲ့သူတွေကိုလည်း ပေးမယ်ပြောတယ်။ ဒီနေ့ပြန်ရောက်လာတဲ့အခါမှာတော့ အပြောင်းအလဲဖြစ်သွားတယ်၊ စခန်းထဲမှာ လက်တွေ့ရှိတဲ့သူပဲပေးမယ်။ အိမ်မှာနေတဲ့သူတွေကိုမပေးတော့ဘူး။ ဟိုဘက်ဖွဲ့အစည်း (စစ်ကောင်စီ) ဘက် ခွင့်မပြုတဲ့အခါမှာ သူတို့လည်း စိတ်မကောင်းဘူး။ ဒီနေ့တော့ ကျနော်တို့စခန်းမှာရှိတဲ့သူတွေကို ထောက်ပံ့ပစ္စည်းတွေလာပေးကြတယ်” ဟု အဆိုပါစစ်ဘေးရှောင်စခန်းတစ်ခုမှ တာဝန်ရှိသူကပြောသည်။
UNHCR မှ လှူဒါန်းသည့် အဆိုပါ ထောက်ပံ့ပစ္စည်းများသည် မင်းတပ်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်အိမ်ထောင်စုပေါင်း ၁၀၀၀ လူဦးရေ ၅၀၀၀ ခန့် အကျိူးခံစားခွင့်ရရှိနိုင်ရန် ရည်မှန်းထားကြသော်လည်း စစ်ဘေးရှောင်ပြည်သူများပိုများသည့် ကျေးရွာနှင့် တောထဲက စစ်ဘေးရှောင်စခန်းအထိ သွားရောက်ပေးအပ်ရန် စစ်ကောင်စီက ခွင့်မပြုသည့်အတွက် စစ်ဘေးရှောင်အများစုက အကျိူးခံစားခွင့်ရရှိနိုင်ကြမည်မဟုတ်ပေ။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီကခွင့်ပြုထားသည့် စစ်ဘေးရှောင်စခန်း ၁၀ ခုခန့်ရှိသည်ဟုသိရပြီး စစ်ဘေးရှောင်ပြည်သူ တစ်ထောင်ဝန်းကျင်ခန့်ရှိကြမည်ဟု ခန့်မှန်းကြသည်။
သို့သော်လည်း ယင်းစစ်ဘေးရှောင်ပြည်သူအများစုသည်လည်း နေအိမ်သို့ပြန်သွားကြပြီး အနည်းစုသာ စခန်းများတွင်နေထိုင်ကြောင်း သိရသည်။
ချင်းပြည်နယ် မင်းတပ်မြို့တွင် ဧပြီလကုန်ပိုင်းကစ၍ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ဆန္ဒဖော်ထုတ်ကြသည့် ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးပစ်ခတ်မှုရှိလာခြင်းကြောင့် မင်းတပ်မြ်ို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Mindat-CDF) ဖွဲ့စည်းကာ စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်သောင်းကျော်သည် ကျေးရွာများနှင့် တောထဲသို့ အိုးအိမ်စွန်ခွါကာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရခြင်းဖြစ်သည်။