(006SV)
ချင်းပြည်နယ်အလယ်ပိုင်း ZZLMS ဒေသဟုခေါ်ဆိုသော ဇိုတုန်၊ ဇိုဖေ၊ လောက်တူ၊ မရာနှင့် ဆဲန်ထန်းဒေသရှိ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ်လူရွယ်အားလုံးသည် ၎င်းတို့နယ်မြေပြင်ပသို့ ခရီးသွားလိုပါက သက်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်ဖွဲ့၏ ထောက်ခံစာနှင့်သာ ခရီးသွားလာရန် ZZLMS ညီနောင်အဖွဲ့က ကြေညာသည်။
“တော်လှန်ရေး အားကောင်းလာဖို့အတွက်လည်း ပါသလို နယ်မြေချင်းဆက်စပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အချင်းချင်း ကြား အပြန်အလှန်လေးစားသမှု အနေနဲ့လည်း လုပ်ဆောင်တာဖြစ်ပါတယ်” ဟု CDF – Zophei မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တော်လှန်ရေးကာလအတွင်း ZZLMS နယ်မြေ ဧရိယာအတွင်းရှိ လူငယ်လူရွယ်များသည် ၎င်းတို့ နယ်မြေပြင်ပသို့ အရေးပေါ် အကြောင်းကိစ္စရှိ၍ ခရီးသွားလိုပါက သက်ဆိုင်ရာ နယ်မြေရှိ ZZLMS ကာကွယ်ရေးတပ်ဖွဲ့ထံမှ ထောက်ခံစာ ရယူပြီး ထောက်ခံစာနှင့်သာ ခရီးသွားလာကြရန် ဒီဇင်ဘာလ ၂၀ ရက် ထုတ်ပြန်သည်။
ZZLMS ညီနောင်အဖွဲ့ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား လူငယ် လူရွယ်များ အားလုံးသည် ထောက်ခံစာနှင့်သာ ခရီးသွားလာခွင့် ပြုတော့မည်ဟု စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါး ရှိလာချိန်တွင် ထုတ်ပြန် လာခြင်းဖြစ်သည်။
လက်ရှိတွင် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် တော်လှန်တိုက်ပွဲဝင်နေသော ကာလဖြစ် သောကြောင့် အနယ်နယ်အရပ်ရပ်ရှိ ZZLMS လူငယ် လူရွယ်မှန်သမျှ တိုင်းပြည်နှင့် လူမျိုးအတွက် တာဝန် ထမ်းဆောင်ရန် ZZLMS ညီနောင်အဖွဲ့ က ဖိတ်ခေါ်သည်။
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝ ရရှိသော ချင်းပြည် တည်ဆောက် နိုင်ရေးအတွက် ချင်းပြည်သူများအနေဖြင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များနှင့်အတူ စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်ကြပါရန် ZZLMS ညီနောင်အဖွဲ့က တိုက်တွန်းထားသည်။
ချင်းပြည်နယ်အလယ်ပိုင်း ဟားခါး၊ထန်တလန်၊မတူပီမြို့နယ်များအတွင်းရှိ ဇိုတုန်၊ ဇိုဖေ၊ လောင်တူ၊ မရာနှင့် ဆဲန်ထန်းဒေသ (၅ )ခုတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် CDF-Zotung၊ CDF-Zophei၊ CDF-Lautu၊ CDF-Mara နှင့် Senthang Revolution Force တပ်ဖွဲ့တို့ အခြေစိုက်၍ ချင်းတော်လှန်ရေးအတွက် စစ်ရေးလှုပ်ရှားပြီး ZZLMS ညီနေင်အဖွဲ့ ဟူ၍ မဟာမိတ်ဖွဲ့စည်း ထားသည်ဟု သိရသည်။
ZZLMS ညီနောင်အဖွဲ့သည် ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရအဖွဲ့၏ အဖွဲ့ဝင်များဖြစ်ပြီး ၎င်းတို့ ဒေသများတွင် ဒေသ အုပ်ချုပ်ရေးယန္တရာများ တည်ထောင်၍ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများဆောင်ရွက်နေသည်ဟု သိရသည်။

