(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ် ကျင်ဒွေးသို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်နှင့် ချင်း ပူးပေါင်းတပ်တွေကြား လှိုင်ဒုတ်ကျေးရွာသစ်အနီးတွင် ယနေ့ တိုက်ပွဲပြင်းထန်ရာ စစ်ကောင်စီဘက်မှ (၇) ဦး သေဆုံးပြီး ချင်းပူးပေါင်းတပ်မှ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်က ထုတ်ပြန်သည်။
“ဒီနေ့ တိုက်ပွဲက ကျင်ဒွေးဘက်ကို လာတဲ့ ယာဉ်တန်းနဲ့ ထိတွေ့မှုဖြစ်တာက၊ ဖြစ်တဲ့နေရာက မောချောင်းနဲ့ လှိုင်ဒုတ်ကြားမှာ ဖြစ်ခဲ့တာပါ။ သူတို့ဘက်က ထိခိုက်သေဆုံးတာလည်း များတယ်။ ထိခိုက်ဒဏ်ရာရတာလည်း များတာပေါ့နော်။ ကျနော်တို့ ဘက်ကလည်း ဒီနေ့မှာ ထိခိုက်ဒဏ်ရာရတာတွေရှိတယ်” ဟု ချင်းကာကွယ်ရေးတပ် – ကန်ပက်လက်မှ စစ်ရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့ ဇူလိုင် ၂၄ ရက် နံနက် ၈ နာရီခွဲမှ ၉ နာရီအထိ ကျင်ဒွေးမြို့သို့ ရိက္ခာပို့ရန် စစ်ကြောင်းထိုးနေသော အင်အား ၃၀၀ ကျော် စစ်ကောင်စီတပ်ကို မောချောင်းရွာ နှင့် လှိုင်ဒုတ်ကျေးရွာသစ်အကြား တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီမှ (၇) ဦး သေဆုံးပြီ ထိခိုက်ဒဏ်ရာရရှိမှု များပြားသည်ဟု သိရသည်။
ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မင်းဘူးခရိုင်တပ်ရင်း (၆)မှ ရဲဘော် (၁)ဦး၊ CDF – ကန်ပက်လက်မှ ရဲဘော် (၃) ဦး၊ စုစုပေါင်း ရဲဘော် (၄) ဦး မစိုးရိမ်ရ ဒဏ်ရာများ ရရှိထားသည်ဟု CDF- ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းက ကန်ပက်လက်မြို့နယ်၊ လေယာဉ်ကွင်းအနီးတွင် ကန်ပက်လက်မြို့ပေါ်မှ တပ်ချိန်းပြီး ပြန်လာသော အင်အား ၁၀၀ ကျော် စစ်ကောင်စီတပ်နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေကြား ထိတွေ့တိုက်ပွဲ ဖြစ်ရာ ချင်းပူးပေါင်းတပ်မှ ရဲဘော် (၁) ဦး ကျဆုံးသွားခဲ့သည်ဟု သိရသည်။
တပ်ချိန်းပြန်လာသော စစ်ကြောင်းနှင့် ချင်းပူးပေါင်းတပ်တွေကြား ဇူလိုင် ၂၃ ရက်က ကတင်းချောင်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ရာ စစ်ကောင်စီမှ (၅) ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများပြားကြောင်း၊ ချင်းပူးပေါင်းတပ်ဖွဲ့မှ တိုက်ပွဲ အတွင်း ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း နင်းမိုင်းကြောင့် အသက် ၅၀ ကျော်အရွယ် ပြည်သူတစ်ဦး သေဆုံး ကြောင်း CDF- ကန်ပက်လက်၊ တူမီးတပ်ရင်းက ထုတ်ပြန်ထားသည်။
ဇူလိုင် ၂၂ ရက်ကလည်း ကန်ပက်လက်မြို့၊ မြို့မ (၂) ရပ်ကွက်၊ ရန်အောင် ရတနာစေတီကုန်းနှင့် ဘုန်းကြီးကျောင်းတို့မှ စစ်ကောင်စီ အထိုင်စခန်းကုန်း (၂)ခုကို CDF – ကန်ပက်လက်၊ CDF – မင်းတပ် နှင့် TYF တပ်တို့ တိုက်ခိုက်ရာ စစ်ကောင်စီမှ ၂ ဦးသေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဇူလိုင် ၂၁ ရက်ကလည်း မဆာတွီကျေးရွာနှင့် မောချောင်းကျေးရွာကြားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီက ထိခိုက်သေဆုံးမှုတွေ ရှိခဲ့သော်လည်း ချင်းကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက် မရှိခဲ့ဟု သိရသည်။
ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီသည် အင်အားအလုံးအရင်ဖြင့် စစ်မျက်နှာ နှစ်ခုဖွင့်ပြီး စစ်ရေးလှုပ်ရှား နေရာ နှစ်ဖက် တိုက်ပွဲဖြစ်ပွားမှု ၁၀ ရက်နီးပါး ရှိလာသည့်နှင့်အမျှ CDF – ကန်ပက်လက် အပါအဝင် ချင်းကာကွယ်ရေးပူးပေါင်းတပ်မှာ ခဲယမ်း၊ ရိက္ခာနှင့်အကူအညီများ လိုအပ်နေပါသည်။
ချင်း- မကွေး နယ်စပ်ရှိ စစ်ဘေးရှောင်း သုံးထောင်ခန့်မှာလည်း စားနပ်ရိက္ခာ၊ အမိုးအကာနှင့် အရေးပေါ် အကူအညိတွေ လိုအပ်နေသည်ဟု စစ်ရှောင်ကူညီနေသူများက ပြောသည်။