(004SS)
ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာသား ချင်းလူငယ်တစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးပြီးနောက် သတ်ဖြတ်ကာ ရုပ်အလောင်းကိုလည်း မီးရှို့ဖျောက်ဖျက်လိုက်သည်ဟု သိရသည်။
ဖမ်းဆီးသတ်ဖြတ်ခံရသူမှာ အသက် ၁၉ နှစ်အရွယ် မောင်ပေါင်လျန်းတွောင်ဟုသိရပြီး ဇန်နဝါရီလ ၁၄ ရက်နေ့က ပြည်တော်သာမှ ကလေးမြို့ကိုအသွားတွင် စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခဲ့ခြင်းဟု သိရသည်။
ထို့နောက် ၎င်း၏ မိသားစုဝင်များက စုံစမ်းရှာဖွေခဲ့ရာ ဇန်နဝါရီလ ၂၂ ရက်နေ့တွင်သာ အကြောင်းစုံသိလိုက်ရကြောင်း ဒေသခံများထံမှ သိရသည်။
မောင်ပေါင်လျန်းတွောင်၏ ရုပ်အလောင်းအား စစ်ကောင်စီတပ်ဖွဲ့ထံ တောင်းခံခဲ့သော်လည်း အလောင်းမရှိတော့ကြောင်း မီးရှို့ဖျက်ဆီးလိုက်ပြီဖြစ်ကြောင်းနှင့် အရိုးပြာတောင်မရှိတော့ကြောင်း ပြောလွှတ်ခဲ့သည်ဟု သိရသည်။
စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ယနေ့အထိ ကလေးမြို့နယ်တွင် အပြစ်မဲ့ပြည်သူ သတ်ဖြတ်ခံရသူ အယောက် ၂၅၀ ကျော်ရှိပြီဟု သိရသည်။