ကလေးမြို့၊ ကြို့သုံးပင်ရပ်ကွက်တွင် ယနေ့ ဧပြီလ ၇ ရက် မနက် ၁ဝ နာရီခွဲခန့်က ဗိုလ်ချုပ်လမ်းအတိုင်း သုံးဘီးဆိုက်တွဲမောင်းနှင်သည့် ဆိုက်တွဲသမားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး ဦးခေါင်းကျည်ထိမှန်ကာ သေဆုံးသွားသည်ဟု သိရသည်။
“သူကဆိုက်တွဲဆရာပါ။ ကြို့သုံးပင်၊ ခင်သာဖက်မှာ ဖြစ်သွားတာ။ ခေါင်းကနေမှန်တာ ခေါင်းပွင့်တယ်။ ပွဲချင်းသေဆုံးတယ်။” ဟု ကြို့သုံးပင်ရပ်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါသေဆုံးသူမှာ မည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးသော်လည်း အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကလေးမြို့ချမ်းမြေ့အောင်စည်ရပ်ကွက်တွင် နေထိုင်သူဟု သိရသည်။
ယနေ့ မနက်ပိုင်းတွင်လည်း ကလေးတက္ကသိုလ်နှင့် ချင်းပြည်နယ်၊ ခိုင်ကမ်းမြို့ဘက်တွင် သေနတ်ပစ်ခတ်သံနှင့် ပေါက်ကွဲသံများ ထွက်ပေါ်ခဲ့သည်ဟု သိရသည်။
ယနေ့ဧပြီလ ၇ ရက်နေ့သည် ကလေးမြို့သပိတ်ခံတပ်ကို စစ်ကောင်စီတပ်ဖွဲ့က ဒုတိယအကြိမ် အကြမ်းဖက်ဖြို ခွင်းခဲ့သည့် တစ်နှစ်ပြည့်နှစ်ပတ်လည်နေ့ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့က ယခင်နေ့များထက် လုံခြံရေးစစ်ဆေးမှုများ တင်းကြပ်ထားသည်။