(04SS)
ကလေးမြို့သို့ ဆေးခန်းပြသရန် ကျွန်းချောင်းကျေးရွာမှ လာရောက်သော သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ က မြို့လှနှင့် စက္ကန့်ကျေးရွာကြားတွင် ဩဂုတ်လ ၁၂ ရက်နေ့က သတ်ဖြတ်ကာ အလောင်းကို မီးရှို့ခဲ့ကြသည်ဟု သိရသည်။
သတ်ဖြတ်မီးရှို့ခံရသူ ၂ ဦးမှာ အသက် (၅၀)အရွယ် မိခင်ဖြစ်သူ ဒေါ်ဟွေးအီယာန်နှင့် သားဖြစ်သူ အသက် (၃၀) အရွယ် ကိုစမူအဲလ်တို့ဖြစ်ကြပြီး ၎င်းတို့သည် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှာ စက္ကန့်ကျေးရွာ အဝင် ကျောက်ခွဲစက် အနီးတွင် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးကာသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦး ကပြောသည်။
“သူတို့က အခြေအနေကို မသိလိုက်ဘဲ ကလေးမြို့ဘက်ကို ဆေးခန်းပြဖို့ သွားတာပေါ့နော် အဲမှာ စစ်သား တွေနဲ့တွေ့ပြီး အကြောင်းမရှိ သတ်ဖြတ်ကြပြီး မီးရှို့ကြတာ၊ သူတို့သားအမိဆိုတာ သေချာ ပြောနိုင်တာက စစ်သားတွေက မီးရှုဖို့ ပြင်ဆင်နေတုန်း တွေ့တဲ့သူရှိတယ်” ဟု ၎င်း ကပြောသည်။
၎င်းတို့သားအမိထံမှ ဆေးခန်းပြရန် ပါလာသည့် မြန်မာကျပ်ငွေ ၆ သိန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့များမှ လုယူခဲ့ပြီး ၎င်းတို့ ဆိုင်ကယ်ကိုလည်း မီးရှို့ဖျက်ဆီးထားကြောင်း သိရသည်။
ကလေးမြို့ အနောက်တောင်ဖက် မြို့လှနှင့် စက္ကန့်ကျေးရွာကြားတွင် ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ၁၂ ရက်နေ့အထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး စစ်ကောင်စီတပ်သား ၁၀ ဦး သေဆုံးခဲ့သည်ဟု CNDF-UCR က ထုတ်ပြန်သည်။
ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့က မြို့လှနှင့် စက္ကန့်ရွာသား ၁၅ ဦး လူသားဒိုင်းကာအဖြစ် ဖမ်းဆီးခဲ့ပြီး အားလုံးကို ပြန်လွတ်ပေးခဲ့ပြီးဖြစ်သော်လည်း မြို့လှရပ်ကွက်မှ အသက် ၁၃ နှစ်အရွယ် Malsawmthari နှင့် အမျိုးသား တစ်ဦး Lal Thuthlunga တို့ ပျောက်ဆုံးနေဆဲဟု CNDF-UCR က ဆိုသည်။
ထို့အပြင် မြို့လှရပ်ကွက်နေ ဆယ်ကျော်သက်အရွယ် Lalawmpuii လည်း ၀မ်းဗိုက်တွင် ကျည်ထံမှန်မှုကြောင့် ဆေးကုသမှုခံယူနေရသည်ဟု သိရသည်။
တိုက်ပွဲဖြစ်ပွားပြီး ဩဂုတ်လ ၁၃ ရက်နေ့တွင် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက နေမြေရှင်းလင်းရေး ပြုလုပ်ရာမှာ မြို့လှရပ်ကွက်ထဲက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့က ဖောက်ထွင်း၀င်ရောက်ကာ အဖိုးတန်ပစ္စည်းများ ခိုးယူခဲ့ကြသည်ကို တွေ့ရပြီး စက္ကန့်ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ထောင်ထားသော နင်းမိုင်း ၁၀ လုံးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ရှင်းလင်းခဲ့သည်ဟု သိရသည်။
မြို့လှနှင့် စက္ကန့်ကျေးရွာကြား ကျောက်ခွဲစက်က အိမ်တစ်လုံး၊ မြေထိုးစက်ကြီး ၂ စီးနှင့် ကားတစ်စီးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ထားကြသည်ဟု ဆိုသည်။
စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့လှ၊ အင်ဒိုင်းကုန်း ရပ်ကွက်နှင့် စက္ကန့်ကျေးရွာပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး တိုက်ပွဲဖြစ်ပွားမှု မရှိတော့သည့်အတွက် ပြည်သူတချို့မှာ နေရပ်ပြန်ကြသူများရှိသည်ဟု သိရသည်။