စစ်ကိုင်းတိုင်း ကလေးမြို့နယ် တာဟန်းရပ်ကွက်တွင် ဇူလိုင် ၁၆ ရက်နေ့ နံနက်ပိုင်းက သိက္ခာတော်ရ ဆရာတော် ဒေါက်တာဒါလ်ခန့်မန်နှင့် မိသားစုဝင် သုံးယောက်အား စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် စနေနေ့ နံနက် ၇ နာရီ ဝန်းကျင်ခန့်တွင် ဆရာတော်နှင့် အမျိုးသမီး ဈေးဝယ်ရန်သွားနေစဉ် တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်ရှိ အေဂျီဘုရားကျောင်းရှေ့တွင် စစ်ဆေးမှုများပြုလုပ်နေသော စစ်ကောင်စီတပ်ဖွဲ့များက ဆရာတော်၏ဖုန်းအား စစ်ဆေးပြီး တော်လှန်ရေးနှင့်ဆိုင်သောပုံများ ရှာဖွေတွေ့ရှိသည်ဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ထိုနောက် စစ်ကောင်စီတပ်ဖွဲ့သည် ဆရာတော်၏နေအိမ်သို့ သွားရောက်စစ်ဆေးမှုများ ထပ်မံပြုလုပ်ကာ ဆရာတော်၏ အမျိုးသမီးနှင့် သားနှစ်ယောက်တို့ကိုလဲ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း နီးစပ်သူ အမျိုးသမီးတစ်ဦး ပြောပြချက်အရ သိရသည်။
ဖမ်းဆီးခံရသူနှင့် နီးစပ်သူတစ်ဦးက “ဖမ်းခံတဲ့နေ့က ဒကစကို ပို့တယ်။ မနေ့ကတော့ စခန်းကို ပြောင်းရွှေ့ေပးပြီး အဲမှာပဲ ညအိပ်တယ်။ သူတို့နှင့် ဆက်သွယ်လို့ မရဘူး၊ ဒါပေမဲ့ ဆရာတို့ကို သိတဲ့သူတွေရှိလို့ ထမင်းဟင်းကိုတော့ သူတို့က ပို့ပေးတယ်။ ဒီနေ့ပြန်လွှတ်ပေးမယ်လို့ စခန်းကဆက်သွယ်လာလို့ အခု ဆရာတို့အိမ်မှာ စောင့်နေတာ” ဟု ပြောပါတယ်။
ယနေ့ ဇူလိုင် ၁၈ ရက်နေ့ညနေတွင် ဖမ်းဆီးခံရသူဆရာတော်တို့ နေအိမ်၌ အသင်းတော်မှ လူကြီးများ၊ အသင်းသူအသင်းသားများနှင့် ဆွေမျိုးများက ဆရာတို့မိသားစု ပြန်လာမည်ကို စောင့်မျှော်နေကြပြီး ညနေပိုင်း ၃ နာရီခွဲ ကျော်ကျော်ခန့်တွင် ဆရာတော်တို့မိသားစုသည် နေအိမ်သို့ပြန်လည်ရောက်ရှိလာကြပြီဖြစ်ကြေင်း ၎င်းက ဆက်ပြောသည်။
သိက္ခာတော်ရ ဆရာတော် ဒေါက်တာ ဒါလ်ခန့်မန်သည် ယခုလက်ရှိတွင် တာဟန်းရပ်ကွက်ရှိ မာစီ နှစ်ခြင်းအသင်းတော်တွင် သင်အုပ်ဆရာအဖြစ် တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ကလေးမြို့အတွင်း လုံခြုံရေးတင်းကြပ်နေပြီး မြို့၏ အချက်အခြာကြသောနေရာများတွင် စစ်ဆေးရေးများပြုလုပ်ကာ အရပ်သားပြည်သူများ၏ မော်တော်ဆိုင်ကယ်၊ ဖုန်းများကို စစ်ဆေးလေ့ရှိသည်ဟု သိရသည်။
ဇူလိုင်လ ၁၆ ရက်နေ့ကလည်း ကလေးမြို့အနောက်ဘက် ဒိုးဝိုင်းချောင်းကျေးရွာတွင် နေအိမ်ဆောက်လုပ်နေကြသော ပန်းရံလုပ်သား ၈ ဦးကိုလည်း စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးသွားပြီး ပြန်လွှတ်ပေးခြင်း ရှိ/မရှိကိုမူ မသိရသေးပေ။