(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ဟားခါးလေးကျေးရွာကို စစ်ကောင်စီက မတ်လ (၁၉) ရက် ယမန်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ လေကြောင်းဗုံကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဟားခါးလေးဒေသခံတဦးက “မနေ့ညကဖြစ်တာပါ။ အိမ်နှစ်လုံးပျက်တယ်၊ အခြားသုံးအိမ်ကျော်ထိခိုက်ပျက်စီးတယ်၊ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်” ဟု ပြောသည်။
စစ်ကောင်စီသည် MiG-29 Fighter Jet တိုက်လေယာဉ်အမျိုးစားဖြင့် ဟားခါးလေးကျေးရွာရှိ Wesleyan ခရစ်ယာန်ဘုရားကျောင်းအနီးတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယမန်နေ့တွင် စစ်ကောင်စီသည် ကလေးမြို့နယ်မြောက်ပိုင်းရှိ လက်ပံချောင်းကျေးရွာ၊ စမိတ်ကွင်း ကျေးရွာ နှင့် ပြည်တော်သာကျေးရွာတို့အား Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်အသုံးပြုကာ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် နွားသုံးကောင်နှင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ကလေးမြို့ဒေသခံ တဦးက “မနေ့က လက်ပံချောင်းဆိုရင် ဘယ်သူမှတောင်ထင်မှတ်ထားမှာမဟုတ်ဘူး၊ ဘာမှမရှိဘူး ရုတ်တရက်ဘာမှမရှိပဲနဲ့ကို သွားပစ်တာ၊ အခုလည်း စစ်ဖြစ် ဖြစ် မဖြစ်ဖြစ် သူတို့ဗုံးကြဲတာက ဒီကလေးပဲ မဟုတ်ဘူး၊ တခြားမြို့တွေမှာလည်း အဲ့လိုပဲ အကြောင်းမဲ့သက်သက် ပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတာဆိုတော့” ဟု ပြောသည်။
ကလေးမြို့နယ်တောင်ပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ တစ်သောင်းကျော်တို့သည် ဘေးလွတ်ရာနေရာများတွင် စစ်ဘေးတိမ်းရှောင်နေကြဆဲဖြစ်ပြီး လက်ရှိတွင် စစ်ဘေးရှောင်ပြည်သူများသည် စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်သည်။