ကလေးမြို့အနောက်မြောက်ဘက် နန်းချောင်းကျေးရွာက လူနေအိမ် ၃ လုံးကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့နံနက်ပိုင်း ၇ နာရီဝန်းကျင်ခန့်က မီးရှို့ခဲ့ကြသည်ဟု သိရသည်။
ယနေ့နံနက်ပိုင်း ၆ နာရီလောက်ကစ၍ ကလေးမြို့ တာဟန်းရပ်ကွက်မှ လက်ပံချောင်းကျေးရွာဘက်သွားသည့် လမ်းမကြီးအနီးဘက်တွင်တည်ရှိသော နန်းချောင်းကျေးရွာသို့ အင်အား ၁၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့များ ဝင်ရောက်လာပြီး လက်နက်ကြီး လက်နက်ငယ်သံများဆက်တိုက်ထွက်ပေါ်ခဲ့သည်ဟု ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်း ဒေသကော်မတီ) က သတင်းထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်ကြောင့် နန်းချောင်းကျေးရွာသားအားလုံးထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်သားများ ရွာထဲတွင် ရှိနေသေးသည့်အတွက် တာဟန်း-လက်ပံချောင်းကားလမ်းအား ဖြတ်သန်းသွားလာမည့်သူများ သတိထားသွားလာကြရန် ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်း ဒေသကော်မတီ) က တောင်းဆိုထားသည်။