(002MG)
စစ်ကိုင်တိုင်း၊ ကလေးမြို့ပေါ်တွင် သင်္ကြန်ကာလပြီးဆုံးသည့်နောက်ပိုင်းတွင် စစ်ကောင်စီက အဖမ်းအဆီးများ ပိုမိုပြု လုပ်လာသည်ဟု ကလေးမြို့ ဒေသခံများထံမှ သိရသည်။
ကလေးမြို့ခံတဦးက “ပြီးခဲ့တဲ့ သင်္ကြန်မှာ လူကြီး၊လူငယ်၊ စစ်မှုထမ်းနိုင်တဲ့ အရွယ် အမျိုးသမီးတွေရော ကားတွေ အများကြီးနဲ့ ထွက်လာကြတယ်။ (၄) နှစ်ကာလရှိပြီမပျော်ရတော့ လမ်းပေါ်ထွက် သီချင်းဖွင့် ပျော်လိုက် လည် လိုက်၊ တချို့တွေက စတုဒီတာလာသမျှလူတွေကို တိုက်တော့ တချို့တွေလည်း Video တွေရိုက်ပြီး တင်ကြဆို တော့ သူတို့(စကစ) လည်းသိတာနေမှာ။ သင်္ကြန်အတွင်းရော၊ သင်္ကြန်ပြီးရော အခုအချိန်ထိ တောက်လျှောက် စစ်မှုထမ်း ဖို့ဖမ်းတာအရင်က ထက်ပိုများလာတယ်။ သင်္ကြန်မှာ မနေနိုင်ကြပဲ ပျော်ကြတဲ့ အကျိုး အဆက်ပေါ့။ ပိုဖမ်းတယ် နေ့တိုင်းကိုကြားနေရတယ်၊ ခါတိုင်းစစ်မှုထမ်းဖို့ဖမ်းတာထက်ကိုပိုများတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ကလေးမြို့ပေါ်က ရပ်ကွက်အတွင်း လမ်းကြိုလမ်းကြား နှင့် လူအများအသုံးပြုနေသော အပန်းဖြေနေရာ၊ အရက်ဆိုင်များသို့ ဝင်ရောက်ကာ တွေ့သမျှလူကြီးလူငယ်များကို ဖမ်းလေ့ရှိသည်ဟုသိရသည်။
ဧပြီလ (၁၆) ရက်နေ့ကလည်း စစ်ကောင်စီသည် ကလေးမြို့ပေါ်ရှိ ဧဒင် ရေကူးကန်အနီးတွင် PDF များရောက်ရှိ လာ သည်ဟုဆိုကာ အင်အား အများအပြားဖြင့် လုံခြုံရေးယူ စစ်ဆေးမှုများပြုလုပ်ကာ အမျိုးသား လူငယ် (၃) ဦးဖမ်းဆီးသွားသည်။
ထို့အပြင် ဧပြီလ (၁၂) ရက်နေ့ကလည်း အောင်သစ္စာရပ်ကွက်တွင် လူငယ် (၇) ဦး၊ မဂ်လာဉ ယျာဉ်ရပ်ကွက်တို့နှင့် ကျီးကုန်းကျေးရွာတို့တွင်လည်း အိမ်နေအတွင်းထိ ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ခဲ့ သည် ဟု သိရသည်။
လက်ရှိကလေးမြို့ပေါ်တွင် စစ်ကောင်စီသည် နေ့စဉ် ကင်းလှည့်စစ်ဆေးမှုများရှိသည့်အပြင် ဧပြီလအတွင်း မှစတင်ကာ ညပိုင်းအချိန် တပ်ဦးသီတာရပ်တွင် တအိမ်တက်ဆင်းဖြင့် ဧည့်စာရင်းစစ်ဆေးခြင်းများပိုမို ပြုလုပ်လာသည်ဟု သိရသည်။
ကလေးမြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ကလေးမြို့နယ်တောင်ပိုင်းရှိ တော်လှန်ရေးပူးပေါင်း တပ်များ ထိန်းချုပ်ထားသည့် ကျေးရွာများတွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှုရှိလာသောကြောင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟုသိရသည်။