(002MG)
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်နှင့် ကလေးမြို့မြောက်ပိုင်း ကံကြီးရွာတွင် ယနေ့မနက် (၆) နာရီခွဲခန့်က စ၍ တပြိုင်တည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု CDF- KKG တပ်ရင်းမူး မန်ပီးက ပြောသည်။
CDF KKG တပ်ရင်းမူး မန်ပီးက “ကိုးမိုင်ရဲစခန်းဖက်မှာလဲ ဖြစ်တယ်၊ အဓိက အကြီးကျယ်ဆုံးက အင်ဒိုင်းကုန်း (မြို့လှ) ရပ်ကွက်၊ ကံကြီးရွာဖက်ပျူစောထီးတွေနဲ့ စစ်သားတွေနေတဲ့နေရာတွေမှာဖြစ်တယ်၊ မြို့ထဲမှာ တော့ အခုထိ ပစ်ကြတုန်း” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ပျူစောထီးများနေရာယူထားသော ကံကြီးကျေးရွာကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များဖြစ်သည့် CDF-KKG, CNDF, PDF-Vakok , RKDF, Kalay PDF leh LDF (ပကဖ) တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ပြီး နောက် မြို့ထဲမှာလည်း တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟုသိရသည်။
ကလေးမြို့တွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ကလည်း လက်နက်ကြီးဖြင့် ပစ်ကူနေပြီး စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် လက်ပံချောင်းကျေးရွာထဲက အရပ်သား ၄ ဦးထိခိုက်မှုရှိသည် ဟုသိရသည်။
ကလေးမြို့က ဒေသခံတစ်ဦးက”မနက်မိုးလင်းကတည်းက တိုက်ပွဲဖြစ်တာ အခုထိပဲ မြို့ထဲကနေ လက်နက်ကြီးနဲ့ပစ်တာ အချက်တော်တော်များတယ်” ဟုပြောသည်။
ကလေးမြို့ မြောက်ပိုင်း ကံသာယာကျေးရွာ ၊ကံကြီးကျေးရွာ ၊ဒိုးဝိုင်းချောင်း၊ ကလေးတောင်ပိုင်း စက္ကန့်ကျေးရွာ၊ လေးအိမ်စု၊ မြို့လှရပ်ကွက်ဘက် အသွားအလာမပြုလုပ်ရန်နှင့် မြို့တွင်း အသွာအလာ သတိပြုကြရန် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များကသတိပေးထားသည်။