(02HH)
စစ်ကိုင်းတိုင်း၊ ကလေးမြို့မြောက်ပိုင်း၊ ဒိုးဝိုင်းချောင်းရွာထဲ ပြည်သူနေအိမ်တို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်ဆွဲထားသောကြောင့် ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။
ဒိုးဝိုင်းချောင်းဒေသခံတစ်ဦးက ”စစ်သားတွေနဲ့ ကား ၃ စီး ရွာအပြင်နားမှာရှိနေကြတယ်။ တချို့ဆိုရင် အိမ်ထဲတွေမှာလည်း ဝင်ထိုင်ကြတယ် ဒီနေ့မှာရောပဲ။ ရွာအပြင်ဖက်နားတွေမှာလည်း မိုင်းတွေမြုပ်ထားတော့ ကြောက်လို့ ညလည်း မအိပ်ရဲတာနဲ့ အမျိုးတွေစီသွားအိပ်ရတယ်။ ပစ္စည်းတွေလည်း အဆင့်သင့်ပြင်ထားရတယ်” ဟု ပြောသည်။
ဒိုးဝိုင်းချောင်းကျေးရွာတွင် အောက်တိုဘာလ ၃၁ ရက် ယမန်နေ့ညက အင်အား ၅၀ ဝန်းကျင်ရှိသော စစ်ကောင်စီတပ်ဖွဲ့သည် ညအိပ်ဖို့ အခြေချခဲ့တာဖြစ်ပြီး ယနေ့တွင်လည်း ၎င်းကျေးရွာတွင် တပ်စွဲနေကြဆဲဖြစ်သည်ဟု သိရသည်။
ယနေ့ မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းမှုကြောင့် ကလေးမြို့မြောက်ပိုင်း၊ မောက်လင်းကျေးရွာက ပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ပြီး ခြေသလုံးကြွက်သားကြေမွကာ လက်မောင်းရိုးကျိုုး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
လက်ရှိ ကလေးမြို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီတပ်ဖွဲ့သည် မြို့တွင်းစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည့်အပြင် ညပိုင်းအချိန်တွင်လည်း ကလေးမြို့မြောက်ပိုင်းဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်လျက်ရှိနေသည်ဟု PDF-KKG ပြန်ကြားရေးတာဝန်ခံက ပြောသည်။
Photo – စစ်ကောင်စီလက်နက်ကြီးကြောင့် မောင်လင်းရွာသား၏ ပုံ