(006SV)
နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန်အတွက် ချင်းညီနောင်အဖွဲ့တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက် လက်က ယနေ့မှစတင်၍ အဖွဲ့ဝင်အဖြစ် ပူးပေါင်းပါဝင်ပြီးဖြစ်ကြောင်း ချင်းညီနောင်က သတင်းထုတ်ပြန် လိုက်သည်။
ချင်းညီနောင်အဖွဲ့ဝင်များနှင့် CDF – ကန်ပက်လက် တို့သည် ချင်းညီနောင်တွင် ပူးပေါင်းပါဝင်လာနိုင်ရန် အကြိမ်ကြိမ် တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပြီးနောက် ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်မှ စ၍ “ချင်းညီနောင်” အဖွဲ့ဝင်ဖြစ် ပူးပေါင်းပါဝင်ကြောင်း ချင်းညီနောင်က ထုတ်ပြန်သည်။
ချင်းညီနောင်အဖွဲ့တွင် ဇိုမီးဖက်ဒရယ်အစည်းအရုံး (ZFU/ PDF- Zoland)၊ ချင်းအမျိုးသားကောင်စီ (မင်းတပ်) (CNC/ CDF – Mindat)၊ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/ CNDF) ၊ မရာအုပ်ချုပ်ရေး ကောင်စီ (MTC/ MDF) တို့ပါ၀◌င်ပြီး ယခုအခါ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက် (CDF- Kampetlet) က ပါဝင်လာခြင်းဖြစ်သည်။
“ချင်းညီနောင်” လက်ခံကိုင်စွဲထားသော တရားမျှတခြင်း၊ တန်းတူညီမျှခြင်း၊ မိမိကံကြမ္မာ မိမိဖန်တီးခွင့်ရှိခြင်း အစရှိသည့် ဘုံသဘောတူညီချက်များနှင့်အညီ CDF – ကန်ပက်လက်က ပူးပေါင်းပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။
ယနေ့ ထုတ်ပြန်ချက်တွင် ချင်းညီနောင်မှာ အဖွဲ့ဝင်အသစ်အဖြစ် CDF – ကန်ပက်လက်က ပါဝင်လာသည်ဟု ထုတ် ပြန်လာသော်လည်း ကန်ပက်လက်မြို့နယ်ကောင်စီကို ပါဝင်ခြင်း ရှိ၊ မရှိကို ခိုနူမ်းသုန်အနေဖြင့် အတည်ပြု နေဆဲဖြစ်သည်။
“ချင်းညီနောင်” အနေဖြင့် ချင်းပြည်အရေး၊ ချင်းတစ်မျိုးသားလုံးအရေး နှင့် ပြည်ထောင်စု အရေးကိစ္စများတွင် “ချင်းညီနောင်” ၏ စံတန်ဖိုး၊ ခံယူချက်၊ ဘုံသဘောတူညီမှုများ နှင့် ကိုက်ညီသော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များ နှင့် ပူးပေါင်းကာ အနာဂါတ်တွင် ဒီမိုကရေစီစံနှုန်းထားများနှင့် ကိုက်ညီသော အစိုးရတစ်ရပ် ပေါ်ပေါက်လာသည်အထိ အတူလက်တွဲ ကြိုးပမ်းသွားမည်ဟု ထုတ်ပြန်ထားသည်။
ချင်းညီနောင်ကို ချင်းပြည်နှင့် ချင်းအမျိုးသားအရေးကိစ္စရပ်များတွင် နိုင်ငံရေး၊ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် ZFU/ PDF- Zoland၊ CNC/ CDF – Mindat၊ CNO/ CNDF တို့က ၂၀၂၃ ဒီဇင်ဘာလ ၃၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည်။
CDF – ကန်ပက်လက်၏ Victoria တပ်ရင်း၊ Vakok တပ်ရင်း၊ Tumee တပ်ရင်း၊ Khonu တပ်ရင်း နှင့် Mahuyar တပ်ရင်း စသည့် တပ်ရင်း (၅) ရင်းတို့က ချင်းညီနောင်အဖွဲ့ဝင်များနှင့်အတူ စစ်ရေး၊ နိုင်ငံရေးအရ တရားမျှတရေး၊ တန်းတူရေး၊ မြို့နယ်ဒေသကို အခြေခံသော ဖက်ဒရယ်စနစ်ဖြင့် မြို့နယ်၊ အစုအဖွဲ့ အားလုံးပါဝင်သော ချင်းပြည် ကောင်စီ၊ ချင်းပြည်အစိုးရ ဖွဲ့စည်းတည်ဆောက်ရေး၊ တန်းတူညီမျှမှု ရှိသော ဖက်ဒရယ် ဒီမိုကရေစီ ပေါ်ပေါက်လာ ရေးတို့အတွက် အတူတကွ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၃၁ ရက် ထုတ်ပြန်ခဲ့ဖူးသည်။