(006SV)
ချင်းပြည်သူများ ဘယ်နိုင်ငံပဲ ရောက်ရောက်၊ ဘယ်ဒေသတွင် နေထိုင်ပါစေ တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် CDF ကန်ပက်လက်က ပြုလုပ်သည့် ရန်ပုံငွေကမ်ပိန်းတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဝန်ကြီး ဒေါက်တာ ဆာဆာက ပြောသည်။
CDF ကန်ပက်လက်၏ “ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ဟူ၍ အမည်ပေးထားသော ရန်ပုံငွေ သိန်း ငါးထောင် ကမ်ပိန်းကို စက်တင်ဘာလ ၁၇ ရက်က အွန်လိုင်းမှ ပြုလုပ်ရာတွင် NUG အစိုးရ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီးက ပြောဆိုခြင်းဖြစ်သည်။
“ပြည်သူလူထုတွေက ဘယ်နိုင်ငံမှာပဲ ရောက်ရောက်၊ ဘယ်ဒေသမှာပဲ နေနေ၊ ပါဝင်ခြင်းအားဖြင့် စောစောက ပြောတဲ့ စစ်မျက်နှာ လေး မျက်နှာမှာ တစ်မျက်နှာမှာ ပါဝင်ပြီးဖြစ်တယ်။ ဒါဟာ သမိုင်းဝင် ပါဝင်မှုဖြစ်တယ်။ ဒါကြောင့် ဘယ်နေရာမှာပဲ ရောက် ရောက် သူရဲကောင်းတွေ အတွက်ကို အားလုံးဝိုင်းဝန်းကူညီပေးကြပါဖို့ ပြောလိုပါတယ်။ အထူးသဖြင့် ချင်းပြည်သူတွေထဲမှာ တော်လှန်ရေး စိတ်ဓါတ်၊ တော်လှန်ရေးက နိုင်ငံရေးရဲ့ အပေါ်ကို ရောက်သွားပြီလို့ ယုံကြည်မိပါတယ်။ ဘာကြောင့်ဆိုတော့ တရားခြင်းနဲ့ မတရားခြင်းကြား တော်လှန်ရေးဖြစ်သွားပြီး။ ဥပမာ စစ်ကျွန်ဘဝမှာ တစ်သက်လုံး ရောက်မယ့်ဟာကို ဖက်ဒရယ်ဒီမိုကရေစီ စနစ်အောက်မှာ နေဖို့ တော်လှန်ရေးဖြစ်သွားပြီ” ဟု ဒေါက်တာ ဆာဆာက ပြောသည်။
လက်ရှိတွင် တော်လှန်ရေးသည် အရှိန်အဟုန် မြင့်တင်ဖို့ လိုအပ်နေပြီး စစ်ကောင်စီကို စစ်ရေးစစ်မျက်နှာ၊ အပြည်ပြည်ဆိုင်ရာ စစ်မျက်နှာ၊ စီးပွားရေးစစ်မျက်နှာ နှင့် နိုင်ငံရေးစစ်မျက်နှာတို့ဖြင့် စစ်မျက်နှာ (၄) ခုဖွင့်ပြီး တိုက်ခိုက်နေသည်ဟု ဝန်ကြီးက ပြောသည်။
ထို့အပြင် ချင်းပြည်သူဖြစ်သည့် လူတိုင်းတွင် သတ္တိရှိခြင်း၊ သစ္စာရှိခြင်းနှင့် မေတ္တာတရားကြီးမားခြင်းဟူသော ချင်းစိတ်ဓါတ်တွေ ရှိကြပြီး ဘယ်နိုင်ငံရောက်ရောက်၊ ဘယ်ဒေသတွင် နေထိုင်သည်ဖြစ်စေ ချင်းဖြစ်သူတိုင်းတွင် ယင်းအချက်တွေ ရှိသည်ဟု ဒေါက်တာဆာဆကာက ပြောသည်။
“ချင်းပြည်နယ်က ချင်းပြည်သူတွေဆိုရင် သုံးခုရှိတယ်။ နံပါတ် ၁ ချင်းပြည်သူဖြစ်တဲ့ လူတိုင်းမှာ သတ္တိရှိတယ်။ အခုတူမီးဆိုတာ သတ္တိပဲ၊ နိုင်ငံတစ်နိုင်ငံနဲ့ ကြား စစ်ပွဲဖြစ်တဲ့အခါမှာ စစ်လေယာဉ်ကို တူမီးနဲ့ သွားတိုက်တယ်ဆိုတာ ဘယ်သူက တိုက်ရဲမလဲ၊ ချင်းတွေမှာ အဲဒီသတ္တိရှိတယ်။ အဲသတ္တိက အကြမ်းဖက် စစ်တပ်မှာ မရှိဘူး။ နံပါတ် (၂)က ချင်းတွေတိုင်းမှာ သစ္စာရှိတယ်။ သစ္စာရှိတဲ့ လူမျိုးတွေ ဖြစ်တယ်။ နံပါတ် ၃ က မေတ္တာ။ ချင်းတွေမှာ တွေ့ရှိရတဲ့ မေတ္တာက ကြီးမာလှပါတယ်” ဟု သူက ပြောသည်။
“ဝိတိုရိယသူရဲကောင်း စုပေါင်းအားသစ်လောင်း” ရန်ပုံငွေ ကမ်ပိန်းသည် ချင်းပြည်နယ်၏ ရှေ့တန်းစစ်မျက်နှာ ပြင်ဖြစ်သည့် မဟာဗျူဟာကျသော ကန်ပက်လက်အတွက်ဖြစ်သောကြောင့် ပြည်သူများ အားလုံးက အပြည့်အဝ ပါဝင်ပေးကြရန် ဒေါက်တာဆာဆာက တိုက်တွန်းထားသည်။
ခုခံပြောက်ကျားစစ်မှ စခန်းသိမ်း ထိုးစစ်ဆင်မှုများ ပြုလုပ်နိုင်ရန် အချိန်ရောက်လာပြီဖြစ်၍ ဒရုန်းအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များ၊ ခဲယမ်းများ ဖြည့်တင်းနိုင်ရန် ဩဂုတ် ၃၁ ရက်မှ အောက်တိုဘာ ၁၅ ရက်ထိ ယင်း သိန်းငါးထောင် ရန်ပုံငွေ ကမ်ပိန်းကို ပြုလုပ်နေခြင်းဖြစ်သည်။