ချင်ပြည်ကောင်စီနှင့် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံတွင် ဒီဇင်ဘာလ ၆ ရက်နေ့က အတည်ပြုဖွဲ့စည်းခဲ့ကြသည်ဟု သိရသည်။
ပထမအကြိမ် ချင်းပြည်ကောင်စီညီလာခံကို ဒီဇင်ဘာလ ၄ ရက်မှ ၇ ရက်နေ့အထိ Victoria Base, Chinland တွင် အောင်မြင်စွာကျင်းပခဲ့ကြပြီး ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ်များ၊ ချင်းလွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့မှ ကိုယ်စားလှယ်များ၊ မြို့နယ်နှင့်ဒေသအစုအဖွဲ့မှကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပဧည့်သည်တော်များ စုစုပေါင်း ၂၃၅ ဦး တက်ရောက်ခဲ့သည်ဟု ယနေ့ ဒီဇင်ဘာလ ၇ ရက်နေ့စွဲဖြင့် ချင်းပြည်ကောင်စီညီလာခံက ထုတ်ပြန်သည်။
ယင်းညီလာခံတွင် ချင်းပြည်ဖွဲ့စည်းပုံအခြေခံဉပဒေကို ဒီဇင်ဘာလ ၆ ရက် မနက်ပိုင်း ၁၁ နာရီ ၃၃ မိနစ်တွင် အတည်ပြုကာ ချင်းပြည်ကောင်စီကိုလည်း မွန်းလွဲပိုင်း ၁ နာရီ၂၇ မိနစ်တွင် အတည်ပြုဖွဲ့စည်းပေးခဲ့သည်ဟု ချင်းပြည်ကောင်စီ ညီလာခံက ထုတ်ပြန်သည်။
အသစ်ဖွဲ့စည်းလိုက်သော ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်လွှတ်တော်၊ ချင်းပြည်အစိုးရအဖွဲ့နှင့် ချင်းပြည်တရားလွှတ်တော်ချုပ်တို့ကို ရက်ပေါင်း ၆၀ အတွင်း ဖွဲ့စည်းသွားမည်ဟုဆိုသည်။
ချင်းပြည်ကောင်စီ၏ ရည်မှန်းချက်ပန်းတိုင်မှာ အမျိုးသားကိုယ်ပိုင်ပြဌာန်းခွင့် အာမခံချက်ရှိသော ချင်းပြည်တည်ဆောက်ရန်၊ နိုင်ငံရေးနှင့်အမျိုးသားတန်းတူ အာမခံချက်ရှိသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရန်နှင့် ဒီမိုကရေစီစနစ် တည်ဆောက်ရန်တို့ဖြစ်သည်ဟု သိရသည်။