ချင်းပြည်နယ် မင်းတပ်မြို့နှင့် မကွေးတိုင်းဒေသကြီးနယ်စပ် ရွှေအောင်သာကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီနှင့် Mindat-CDF ပြည်သူ့ကာကွယ်ရေးတပ်များအကြား ယနေ့ဇွန်လ ၃ ရက်နေ့နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကာ စစ်ကောင်စီဘက်က အနည်းဆုံး ၃ ယောက်မှ ၇ ယောက်အထိသေဆုံးမှုရှိခဲ့သည်ဟု သိရသည်။
အင်အား ၆၀ ခန့်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဇွန်လ ၂ ရက်နေ့ည ၁၀ ဝန်းကျင်ခန့်က ရွှေအောင်သာ ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင်တပ်စွဲထားခဲ့ပြီး ယနေ့နံနက်ပိုင်း ၅ နာရီခွဲမှ ၇ နာရီဝန်းကျင်ခန့်အထိ Mindat-CDF နှင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။
ယနေ့မနက်ပစ်ခတ်မှုတွင် Mindat-CDF ဘက်မှ ထိခိုက်ကျဆုံးမှုမရှိကြောင်းသိရပြီး အခြားသောဒေသများတွင် ပစ်ခတ်မှုမရှိသေးသော်လည်း မင်းတပ်မြို့နယ် ထင်ချောင်းဘက်တွင်လည်း နှစ်ဘက်တပ်ဖွဲ့များအသင့်အနေအထားတွင်ရှိနေကြသည်ဟုသိရသည်။