(006SV)
ချင်းပြည်နယ်တွင် ခွင့်ယူထားသော ရဲဘော်၊ ရဲမေတချို့သည် တပ်ဖွဲ့နာမည်ကို အလွဲသုံးစားမှုများ ရှိလာသောကြောင့် ယခုနှစ် ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထားပြီး မိခင်တပ်ရင်းများသို့ ပြန်ရောက်ရှိရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဆင့်ခေါ်ကြောင်း သတင်းထုတ်ပြန်သည်။
“အဓိက ပြောမယ်ဆိုရင် တော်လှန်ရေးကို အကြောင်းပြပြီးမှ ကျနော်က အဲဒီတပ်ရင်းကပါ၊ အဲဒီတပ်ဖွဲ့ကပါ ဆိုတဲ့ ဟာတွေ လုပ်ပြီး အပြင်မှာ လုပ်စားတဲ့ လူတွေ အရမ်းများလာတယ်။ တပ်ရင်းကလည်း ထွက်လို့ ထွက်မှန်း မသိ၊ CDF မတူပီကနေ နားလို့ နားမှန်း မသိ၊ CDF နာမည် ရောင်းပြီး လုပ်စားတဲ့အဖွဲ့တွေ ရှိလို့ ကျနော်တို့က ဒီဟာကို လူနဲ့ စာရင်း နဲ့ အကုန်စီစစ်ချင်တဲ့ သဘောပါ။ အပြင်သွားခွင့် ယူပြီးမှ မိသားစုအကြောင်းပြပြီး ပြန်မလာတဲ့ ရဲဘော်တွေက တော် တော်လေး များပြီး။ ပြောမယ်ဆိုရင် ရာဂဏန်းလောက် ရှိတယ်” ဟု CDF မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း နိုင်ဂျွန်းက ပြောသည်။
သတ်မှတ်ရက်အတွင်း မိခင်တပ်ရင်းများသို့ မလာရောက်နိုင်ပါက ရဲဘော်၊ ရဲမေများ၏ အမည်စာရင်းမှ ပယ်ဖျက် သွားတော့မည်ဖြစ်ပြီး တော်လှန်ရေးကာလနှင့် တော်လှန်ရေးအလွန်ကာလများတွင် ရဲဘော်၊ ရဲမေ၏ ရဲသင့်ရထိုက် သော အခွင့်အရေးများ လုံးဝ ခံစားရရှိတော့မည် မဟုတ်ကြောင်း ဒီဇင်ဘာလ ၂၇ ရက်စွဲဖြင့် CDF မတူပီတပ်ရင်း ၁ လင်းယုန်တပ်ရင်း၏ ဆင့်ခေါ်စာတွင်ဖော်ပြထားသည်။
သို့သော် ရဲဘော်၊ ရဲမေများသည် ကျန်းမာရေးစောင့်ရှောင်မှုနှင့် အခြားခိုင်လုံသော အကြောင်းရင်း တခုခုရှိပါက ဒီဇင်ဘာလ ၃၁ ရက်အတွင်း သက်ဆိုင်ရာ တပ်ရင်းများသို့ အချိန်မီသတင်းပို့ရန် လိုအပ်သည်ဟု သိရသည်။
CDF – မတူပီတွင် ကျန်းမာရေးခွင့်၊ မိသားစုအရေးခွင့်နှင့် အပြင်သွားခွင့် ဟူ၍ ခွင့်များ သတ်မှတ်ထားပြီး မိသားစု အရေးခွင့်နှင့် အပြင်သွားခွင့်ဖြင့် ခွင့်ယူထားကြသော ရဲဘော်ရဲမေ တစ်ရာခန့်သည် မိခင်တပ်ရင်းများနှင့် အဆက်အသွယ်ပြတ်တောက်မှုများ ရှိနေသည်ဟု သိရသည်။
တချို့ရဲဘော်ရဲမေများသည် တပ်ရင်းတပ်ဖွဲ့များသို့ ပြန်မလာတော့ဘဲ တပ်ရင်းနာမည်ကို အလွှဲသုံးစားပြုလုပ်၍ အလှူခံမှုများ ပြုလုပ်ကာ ကိုယ်ကျိုးသုံးစွဲမှုများ ရှိနေကြောင်း ၊ ယင်းဖြစ်စဉ်များကို ဖြတ်တောက် ဟန့်တားနိုင်ရန် အတွက် CDF – မတူပီ၏ တပ်စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်နိုင်ရန် တပ်ဖွဲ့ဝင်များကို စီစစ်ရခြင်း ဖြစ်သည်ဟု CDF မတူပီမှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်း နိုင်ဂျွန်းက ပြောသည်။