(006SV)
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကန့်သက်ရွာအနီး အထိုင်ချ တပ်စွဲနေသည့် စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်း စခန်းကုန်းကို ပြည်သူကာကွယ်ရေးတပ် (PDF) နှင့် ချင်းကာကွယ်ရေးတပ် (CDF) များ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု ယောအမျိုးသား တော်လှန်ရေးတပ်ဖွဲ့ – ထီလင်း (ဂန့်ဂေါခရိုင်တပ်ရင်း – ၁၈) က ထုတ်ပြန်သည်။
စက်တင်ဘာလ ၁၈ ရက် နံနက် ၄ နာရီခွဲခန့်တွင် စစ်ကောင်စီ၏ ပူးပေါင်းစခန်းကုန်းကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ရာ မိနစ် (၂၀) ခန့်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူအပါအဝင် စစ်ကောင်စီတပ်သား (၃) ဦး သေဆုံးခဲ့သည်။
ကျန်စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာထွက်ပြေးသွားကြပြီး ဒေသကာကွယ်ရေးပူးပေါင်းတပ်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဂန့်ဂေါခရိုင်တပ်ရင်း ၁၈ က ထုတ်ပြန်သည်။
တိုက်ပွဲမှ ကာဘိုင် (၉) လက်၊ Greener (၆) လက်၊ ကာဘိုင်ကျည်ဘောက် (၁၈) ခု၊ MA ကျည်ဘောက် (၇) ခု၊ ကာဘိုင်ကျည် (၉၀၀)၊ Greener ကျည် ၂၀၀၊ MA ကျည် ၁၅၀ နှင့် အီနာဂါဗုံးသီး (၅) လုံး သိမ်းဆည်းရမိသည်ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။
ယင်းစခန်းကုန်းတိုက်ပွဲကို ဂန့်ဂေါခရိုင် အမှတ် (၇၊ ၁၈၊ ၁၉ )တပ်ရင်းများ၊ CDF မင်းတပ် တပ်ရင်း (၂)၊ ပုံတောင်ဂဠုန်နှင့် ပုံညာမုန်တိုင်း ပကဖပူးပေါင်းတပ်ဖွဲ့တို့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။