ကလေးမြို့နယ်တောင်ပိုင်းဒေသကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာမျာကို တရွာပြီးတရွာမီးရှို့ခဲ့ပြီး ယနေ့ မေလ ၁၉ ရက်နေ့ နံနက်ပိုင်း ၃ နာရီခန့်ကလည်း လည်ခြားကျေးရွာကို ထပ်မံမီးရှို့ခဲ့ကြသည်ဟု သိရသည်။
လည်ခြားကျေးရွာသည် လွန်ခဲ့သည့် ၃ ရက်မြောက် မေလ ၁၆ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က မီးရှိုခဲ့သော ကျေးရွာ ဖြစ်ပြီး ယနေ့နံနက်ပိုင်းတွင် ထပ်မံမီးရှိုခံရခြင်းဖြစ်သည်။
“တိုက်ပွဲလည်းမရှိပါဘူးဗျ တိုက်ပွဲလည်းမရှိဘဲနဲ့ မီးဝင်ရှို့နေတာ မနေ့က နေ့ပိုင်းကျတော့ ကုက္ကိုလ်ရွာကိုရှို့တယ်၊ ပြီးတော့ ဒီနေ့မနက်ကျတော့ လည်ခြားရွာကိုရှို့နေတယ်၊ လည်ခြားက ရှို့ခံရပြီးသား ခုကတော့ အိမ်အပြောင်းရှို့တဲ့အနေအထား ရောက်ပါတယ်” ဟု ကလေးတောင်ပိုင်းစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လည်ခြားကျေးရွာသည် အိမ်ခြေ ၂၀၀ ကျော်ခန့်ရှိသည့်ကျေးရွာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့၏ ဒုတိယအကြိမ် မီးရှို့မှုကြောင့် တရွာလုံးပြာကျသည့်အနေအထား ရောက်ရှိသွားပြီဟု သိရသည်။
မေလ ၁၇ ရက်နေ့က ရှားတောကျေးရွာကိုလည်းကောင်း မေလ ၁၈ ရက်နေ့က ကုက္ကိုလ်ကျေးရွာကိုလည်း စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့သည်။
ကလေးတောင်ပိုင်းသို့ စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ခိုက်မှုမရှိသောလည်း ဒေသခံပြည်သူများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေကြရသည့်အချိန်တွင် တရွာပြီးတရွာ ဝင်ထွက်ကာ လူနေအိမ်များကို မီးရှိုခဲ့ခြင်းဖြစ်သည်။
ကလေးတောင်ပိုင်းဒေသတွင်တည်ရှိကြသော အရှေစည်း၊ ရှားဖို၊ တင်သား၊ ရှေရှင်၊ လည်ခြား၊ ကုက္ကိုလ်၊ ရှားတော စသည့် ကျေးရွာများအပါအဝင် အနည်းဆုံးကျေးရွာပေါင်း ၁၀ ရွွာကျော်မှ အိမ်ခြေတစ်ထောင်ကျော်ကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည်။
ယခုလက်ရှိတွင် အဆိုပါကျေးရွာများမှ ဒေသခံပြည်သူ လေးသောင်းနီးပါးခန့်သည်လည်း တောထဲတောင်ထဲသို့ စစ်ဘေးတိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာ၊ ဆေးဝါး၊ မိုးကာ စသည့်အကူညီများ အရေးပေါ်လိုအပ်လျှက်ရှိကြောင်း သိရသည်။