(06SV)
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်သို့ စစ်မျက်နှာနှစ်ခုဖွင့်၍ အင်အား ၄၀၀ ကျော်နှင့် ထိုးစစ်ဆင်နေသော စစ်ကောင်စီကို အပြင်းအထန် ခုခံကာကွယ်နေရချိန်မှာ ဘတ်ဂျတ်လိုငွေများ ကြုံနေရသောကြောင့် ပြည်သူများ၏ ပံ့ပိုးမှု၊ ငွေကြေးထည့်ဝင်မှု များစွာလိုအပ်နေကြောင်း CDF – ကန်ပက်လက်က ထုတ်ပြန်သည်။
သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေသော စစ်တပ်နှင့် တိုက်ပွဲ ပိုပြင်းထန်မှုနှင့်တူ စစ်အသုံးစရိတ် ပိုမိုမြင့်တက်လာပြီး တိုက်ပွဲအတွင်း ခဲယမ်း၊ ကျည်၊ ရိက္ခာ တို့ကို အလျင်မီထောက်ပို့နိုင်ရန် ကြိုးပမ်းနေရသည်ဟု CDF ကန်ပက်လက်မှ တာဝန်ရှိသူက ပြောသည်။
CDF – ကန်ပက်လက်သည် နွေဦးတော်လှန်ရေးတွင် အစောဆုံး လက်နက်ကိုင်စွဲ တော်လှန်သည် တပ်ဖွဲများအနက်မှ တစ်ဖွဲ့ဖြစ်သော်လည်း လက်ရှိအချိန်ထိ တူမီးနှင့် ခါးချိုးကိုသာ အားပြု၍ တိုက်ပွဲဝင်နေရဆဲ ဖြစ်သည်ဟု သိရသည်။
တဖက်မှာ ပြည်သူနှင့် ရဲဘော်များ၏ ဘေးအန္တရာယ် လျော့ချနိုင်ရေး လူသားစာနာထောက်ထားမှု အကူအညီများ နှင့် ဆေး၀◌ါးကုသရေးများကို ဆောင်ရွက်ပေးနေရသည်ဟု ယနေ့ဇူလိုင်လ ၂၁ ရက်မှာ ထုတ်ပြန်လာခြင်း ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် အင်တာနက် မရှိခြင်း၊ ဆက်သွယ်ရေး အားနည်းခြင်း၊ နည်းပညာ အလှမ်းဝေးခြင်း တို့ကြောင့် ကန်ပက်လက် တော်လှန်ရေးအခြေအနေမှာ လူထုထံ ပျံ့နှံ့မှု အားနည်းခြင်းနှင့်အတူ ဘတ်ဂျတ်လိုငွေ ပြခြင်း ကြုံတွေ့နေသည်ဟု သိရသည်။
စစ်ကောင်စီသည် ကျင်ဒွေးသို့ ရိက္ခာပို့ရန် အင်အား ၃၀၀ ကျော်ရှိ စစ်ကြောင်းနှင့် ကန်ပက်လက်မြို့ပေါ်သို့ တပ်ချိန်းရန် အင်အား ၁၂၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာခြင်းကြောင့် ချင်းကာကွယ်ရေးတပ် – ကန်ပက်လက် နှင့် ပူးပေါင်းတပ်ဖွဲ့များက ခုခံကာကွယ်နေရသည်ဟုသိရသည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီက ၂၄ ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများပြားကြောင်း၊ ချင်းကာကွယ်ရေး တပ်ဖွဲ့မှ ၇ ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။
ကန်ပက်လက်မြို့နယ်သည် အရှေ့ဘက်မှာ မကွေးတိုင်း ဆောမြို့၊ တောင်ဘက်မှာ စေတုတ္တရာမြို့၊ မြောက် ဘက်မှာ မင်းတပ်မြို့၊ အနောက်ဘက်မှာ ပလက်ဝမြို့နှင့် ထိစပ်နေပြီး ရခိုင်ပြည်နှင့်လည်း ဆက်စပ်နေ၍ စစ်ရေးအရ အရေးပါသည်ဟု သိရသည်။
စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မဆာတွီကျေးရွာ၏ ဘုရားကျောင်းအပါအဝင် အိမ် ၇ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်၏ မီးရှို့မှုကြောင့် ဆောမြို့နယ်ထဲက ရင်းကဲကျေးရွာမှာလည်း တရွာ လုံးနီးပါး မီးရှို့ဖျက်စီးခံခဲ့ရကြောင်း သိရသည်။