(006SV)
ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”ကြောင့် ချင်းပြည်နယ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တို့တွင် မိုးကြီးနိုင်ပြီး ရုတ်တရက်ရေကြီး ခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ် ပြန်သည်။
ယနေ့ မနက်ပိုင်း တိုင်းထွာချက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဝင်ရောက်လာသော ဆိုက်ကလုန်းမုန်တိုင်း “ဟမွန်း” (HAMOON) သည် လာမည့် ၂၄ နာရီအတွင်း မီဇိုရမ်ပြည်နယ်တွင် ကုန်းတွင်းမုန်တိုင်း ငယ်အဖြစ်လည်းကောင်း၊ ချင်းပြည်နယ်နှင့် အိန္ဒိယနယ်စပ်တွင် အားကောင်းသော လေဖိအားနည်း ရပ်ဝန်းအဖြစ်မှ အားလျော့နိုင်သည်ဟု သိရသည်။
“ဟမွန်း”ဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် (၇) ခုတွင် နေရာအနှံအပြား မိုးထစ်ချုန်း ရွာသွန်းနိုင်ပြီး နေရာကွက်၍ မိုးကြီးနိုင်သည်ဟု မိုးဇလက ထုတ်ပြန်ထားသည်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့်အတူ မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်ပြီး ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသော ပြည်သူအနေဖြင့် မြေပြိုမှုအန္တရာယ်များ၊ မြစ်ငယ်နှင့် ချောင်း ငယ်အနီးတွင် နေထိုင်ကြသူများ ရေကြီး၊ ရေလျှံမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင် သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။
ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် ဆိုက်ကလုန်းမုန်တိုင်း “ဟမွန်း” ၏ အဝန်းအဝိုင်းအတွင်းသို့ ကျနေရာက်နေသောကြောင့် မုန်တိုင်းသက်ရောက်မှုကို ခံစားရမည်ဖြစ်ပြီး ယင်းမုန်တိုင်းကို အဝါရောင်အဆင့် သတ်မှတ်ထားသည်ဟု သိရသည်။
နောက် ၂ ရက်အတွင်းမှာလည်း ချင်းနှင့် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခုမှာ နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုပ်ရွာမည်ဟု ထုတ်ပြန်ထားသည်။