(002MG)
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်း ဆော-ကျောက်ထု လမ်းမကြီးအား စစ်ဘေးရှောင်ပြည်သူများနှင့် ဒေသအတွင်းရှိ ပြည်သူများ၏ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြောင်းရွေ့နေရာချထားခြင်းများ ဆောင်ရွက်ရန် ယာယီပိတ်ထားကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းက မေလ (၁၅) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယင်းထုတ်ပြန်ချက်ထဲတွင် မေလ (၁၅) ရက်နေ့မှ မေလ (၂၅) ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကာ အရေးပေါ် ကိစ္စရပ်များဖြင့် ဖြတ်သန်းသွားလာရန်လိုအပ်လာပါက ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းထံအကြောင်းကြားနိုင်သည်ဟု ဖော်ပြထားသည်။
အဆိုပါ ဆော-ကျောက်ထုလမ်းပိုင်းတွင် လက်ရှိအထိ လူဦးရေ (၁၃၂၂) ဦးအထိ စစ်ဘေးတိမ်းရှောင်နေထိုင်ကြခြင်းဖြစ်သည်။
မေလ (၁၄) ရက်နေ့တွင် ဆောမြို့နယ်၊ တောမကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၇ ဦးသေဆုံးခဲ့ကာ ၉ ဦး ပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ယောအလင်းတန်းက ဖော်ပြထားသည်။
ထို့အပြင် မေလ (၉) ရက်နေ့တွင်လည်း ဆောမြို့နယ် အကြည်ပန်းပလွန်းရွာ အတွင်း လေကြောင်းတိုက်ခိုက်ကာ ပြည်သူ (၁၆) ဦး သေဆုံးခဲ့ရပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။