(006SV)
မကွေးတိုင်းတောင်ပိုင်းမှာ အခြေပြု၍ စစ်ကောင်စီကို ခုခံတော်လှန်နေသော အရှိုချင်းကာကွယ်ရေးတပ်သည် ထိုးစစ်ပြောင်း လဲရန် ဒရုန်းတစ်စီး ဝယ်ယူတပ်ဆင်နိုင်ရေး “အောက်ချင်းတောင်ပံ” ကမ်ပိန်း ယနေ့ ဩဂုတ် ၂၅ ရက်မှာ စတင်ပြုလုပ်သည်ဟု CDF- Asho Team မှ တာဝန်ခံ ဆလိုင်းဒါဝိဒ်က ပြောသည်။
“ပြီးခဲ့တဲ့ ရက် ၂၀ တိုက်ပွဲမှာ ကျနော်တို့ လက်နက်ခဲယမ်းတွေလည်း မပြည့်စုံဘူး။ ဒါပေမဲ့ ရှိတဲ့ဟာနဲ့ ဖြစ်အောင် လုပ်နိုင်ခဲ့တယ်။ အဲပုံစံမျိုးတွေ တိုက်စစ်မြှင့်ချင်တယ်။ ဒရုန်းရှိလာရင်တော့ ပိုလုပ်နိုင်မယ်။ အခုဆိုရင် စစ်ကြောင်းတွေက မတက်တော့ဘူး။ ကျနော်တို့က ထိုးစစ်ပုံစံ ပြောင်းရတော့မယ်။ အဲတေ့ာ ဒရုန်းနဲ့ ကင်းထောက်ဖို့တွေ ရှိမယ်။ ဗုံးသီးတွေ သွားချဖို့တွေရှိမယ်။ တိုက်စစ်ဖွင့်ဖို့အတွက် ဒရုန်းတစ်စီး လိုအပ်တာဖြစ်ပါတယ်” ဟု သူက ပြောသည်။
အရှိုချင်းလို ” ကိၭ က လဴၩ့ အဖၠၩ “ဟုခေါ်သော ”အောက်ချင်းတောင်ပံ” ကမ်ပိန်းကို ကံစမ်းမဲတစ်စောင်လျှင် မြန်မာငွေကျပ် တစ်သောင်းဖြင့် အစောင်ရေ (၃၀၀၀) ရောင်းချသွားမည်ဖြစ်ကာ ယနေ့ဩဂုတ် ၂၅ ရက်တွင် စတင်ဝယ်ယူအားပေး နိုင်ပြီး အောက်တိုဘာ ၂၅ ရက်မှာ မဲဖောက်ပေး မှာဖြစ်ပါသည်။
”အောက်ချင်းတောင်ပံ” ကမ်ပိန်းဆုများကို ချင်းမျိုးနွယ်စုများ၏ ရိုးရာဓလေ့ကို မြတ်နိုးတန်ဖိုးထားစေရန်နှင့် ယဉ်ကျေးမှု အမွေအနှစ်ကို ထိန်းသိမ်းမှုအဖြင့် ချင်းရိုးရာအသုံးအဆောင်များကို ဆုလက်ဆောင်အဖြစ် ပေးမည်၊ အထူးဆုများမှာ ချင်းဆွဲကြိုး၊ ချင်းလွယ်အိတ်၊ ချင်းဆံထိုး၊ ချင်းပလိုင်းလွယ်ဓါးတို့ ဖြစ်သည်။
အခြားဆုမဲများအနေဖြင့် လောက်တူ၊ စုမ်းတူ၊ အရှို၊ မရာ၊ မီဇိုး၊ စသည့် ချင်းရိုးရာ စုံတွဲဝတ်စုံများလည်း ပါဝင်သည်။
“ပြည်သူတွေအနေနဲ့ တော်လှန်ရေးက ၂ နှစ်အချိန်ရှိလာပြီ။ စစ်ကောင်စီဘက်ကလည်း တော်တော်လေးကို ယိုင်လဲနေပြီ။ တော်လှန်ရေးအင်အားစုတွေက ထိုးစစ်တွေ လုပ်ဆောင်ရမဲ့ အချိန်မှာ လက်နက်ခဲယမ်းတွေ အများကြီးလိုအပ် တယ်။ ထောက်ပံ့မှုတွေ အများကြီး လိုအပ်တယ်။ ဒါကြောင့် ပြည်သူတွေကို အားတက်သလျော် နိုင်တဲ့ ဘက်က ပါဝင်ကြပါ”ဟု CDF- Asho ဒုတပ်ခွဲမှူး ဆလိုင်းဒါဝိဒ်က ပြောသည်။