(04SS)
စစ်ကိုင်းတိုင်း တမူးခရိုင် ခါမ်းပါတ်မြို့တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အကြား ၅ ရက်ဆက် တိုက်ပွဲပြင်းထန်သောကြောင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်ရှိ ဒေသခံ ၃၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ခါမ်းပါတ်ဒေသခံများထံမှ သိရသည်။
ဇူလိုင်လ ၂၂ ရက်နေ့ ည ၈ နာရီမှ စတင်ကာ ခါမ်းပါတ်အမှတ် ၁ ရပ်ကွက်ရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ သွားရောက် ပစ်ခတ်ခဲ့ကာ ၁ နာရီကျော်ကြာ နှစ်ဘက် တိုက်ပွဲပြင်းထန်ခဲ့ပြီး ယနေ့အထိ စစ်ရေးတင်းမာလျက်ရှိသည်။
အဆိုပါတိုက်ပွဲကြောင့် ခါမ်းပါတ်မြို့ရှိ ဒေသခံများအားလုံးနှင့် ကနန်ရွာမှ ဒေသခံ အများစုမှာ Hmuntha, Changelzawl, Letpanchaung နှင့် Tahan ရပ်ကွက်ဘက်သို့ ထွက်ပြေးခိုလှုံနေကြရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တနင်္ဂနွေနေ့မနက် ၁၁ နာရီလောက်မှာပေါ့ မြို့ထဲက သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်ပြီး ကုတင်ပေါ် လှဲနေတဲ့ သူတွေရောပေါ့နော် ကား ၂ စီးနဲ့ လာကြိုကြတော့ သူတို့ကိုလဲ ဘေးလွတ်ရာကို ပို့လိုက်ပြီ။ စစ်ဘေး ရှောင်တာကတော့ တနင်္ဂဂနွေနေ့ မနေ့ကနေ ဒီနေ့ထိပေါ့ မြို့ထဲမှာ ဘယ်သူမှ မကျန်တော့ဘူး တကယ့် volunteer တွေကလွဲလို့ပေါ့နော်” ဟု ခါမ်းပါတ် ဒေသခံတစ်ဦးက ပြောသည်။
ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခါမ်းပါတ်မြို့နှင့် အနီးတဝိုက်အား ၄၅ မီနစ်ခန့်ကြာ ဗုံးကြဲပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ခါမ်းပါတ် အမှတ် ၁ ရပ်ကွက်ရော၊ ဒေသကာကွယ်ရေးတပ်စခန်းဘက်ရော၊ ကနန်ဘက်ရော အသကုန်ပစ်တာ။ နောက် အမှတ် ၁ ရပ်ကွက်ကတော့ အိမ်တွေရောပစ်တာပေါ့နော်။ သူတို့ ဟိုပတ်ဒီပတ်လုပ်တယ် ၁၀ ကြိမ်ထက်မနည်း ပျံဝဲပြီး ရမ်းသမ်းပစ်ခတ်တာပေါ့နော်” ဟု ဒေသခံတစ်ဦးကပြောသည်။
ထိုသို့ စစ်ကောင်စီမှ လက်နက်ကြီး၊ လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် ပျက်ဆီးမှုအခြေအနေအား မသိရသေးပေ။
ယမန်နေ့ကလည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွါးခဲ့ပြီး လေကြောင်းဖြင့် အင်းအားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် ၁၃ ဦးသေဆုံးခဲ့ပြီး PDF-Tamu ဘက် ရဲဘော် ၁ ဦးထိခိုက်ကြောင်း သိရသော်လည်း ခိုနူမ်းသုန်အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင်လည်း ခါမ်းပါတ်မြို့ လယ်ကွင်းဖက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး ၎င်းနေရာသို့ သွားရောက်ရှင်းလင်းရာ ကျန်ရစ်သော ကျည်ဆန်များ သိမ်းဆည်းရခဲ့သည်ဟုလည်း သိရသည်။
အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ လက်နက်ကြီးများ ရမ်းသန်းပစ်ခတ်သောကြောင့် ခါမ်းပါတ်မြို့ အမှတ် (၁) ရပ်ကွက် ရိုမန်ကက်သလစ် ဘုရားကျောင်းရှေ့ လက်နက်ကြီးကျရောက်ပေါက်ကွဲကာ ၂၃ နှစ်အရွယ် ဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ယခုလက်ရှိ ခါမ်းမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ အကြား စစ်ရေးတင်းမာလျက်ရှိနေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်လာနိုင်ကြောင်း သိရသည်။