(004SS)
ချင်းပြည်နယ် တီးတိန်မြို့ပေါ်တွင် PDF-Zoland အဖွဲ့ဝင်ဟု လိမ်ညာပြောဆိုပြီး ပြည်သူပိုင် ဆိုင်ကယ်တစ်စီး ခိုးယူသူ အမျိုးသားတစ်ဦးအား စက်တင်ဘာလ ၃၀ ရက်နေ့တွင် PDF-Zoland က ဖမ်းမိခဲ့ကြောင်း သိရသည်။
၎င်းသည် နယ်ဘက်မှ တီးတိန်မြို့သို့ တက်လာပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ပေးမှုအရ ရောက်လာခြင်းဟု ဆိုကာ ဒေသခံများထံ တစ်ပါတ်နီးပါးတည်းခိုပြီးနောက် အိမ်ရှင်ပိုင် ဆိုင်ကယ်တစ်စီးအား ခိုးထုတ်ခဲ့ခြင်းဟု သိရသည်။
ထိုသို့ ကာကွယ်ရေးတပ်ဖွဲ့ အမည်ပျက်အောင် လိမ်ညာပြောဆိုပြီး ခိုးယူသူအား လိုအပ်သလို အရေးယူနိုင်ရန် တီးတိန် မြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့နှင့် ပူပေါင်းကာ ဆောင်ရွက်သွားမည်ဟု PDF-Zoland မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“အဲလိုလူကိုတော့ ဒီတိုင်းထားလို့မရဘူး၊ လိုအပ်တဲ့အရေးယူမှုလုပ်ဖို့ရှိတယ်၊ ဉပမာအားဖြင့် ပစ္စည်းခိုးခံရတဲ့ ပိုင်ရှင်နဲ့ ပေးတွေ့မယ်၊ ညှိနှိုင်းခိုင်းမယ်။ ပိုင်ရှင် စိတ်တိုင်းကျ သူခိုးတဲ့ပစ္စည်းအတိုင်း ပြန်လျော်ခိုင်းတာမျိုး၊ ပြီးရင် သူခိုးရဲ့ မိသားစုနဲ့ တွေ့ပြီးတော့ ခံဝန်ကတိထိုးခိုင်းတာတို့ပေါ့ ပြီးရင် သူ့ကို ဆက်ထိန်းသင့်ရင်လည်း ပြည်သူ့ရဲတွေနဲ့ ပူးပေါင်းပြီးတော့ ဘယ်လို ပြစ်ဒါဏ်ချမလဲဆိုတာ ဆောင်ရွက်သွားဖို့ ရှိပါတယ်။” ဟု ၎င်း က ပြောသည်။
ခိုးယူခံရသော ဆိုင်ကယ်အား ပိုင်ရှင်ထံ ပြန်လည် ပေးအပ်နိုင်ခဲ့ပြီဟုလည်း သိရသည်။
ယခုလက်ရှိ ဆိုင်ကယ်သူခိုးအား PDF – Zoland မှ ထိန်းသိမ်းထားဆဲဖြစ်ပြီး ၎င်းသည် မူးယစ်ဆေးသုံးဆွဲသူဖြစ်ကာ ဇနီးသည်နှင့် ကလေးရှိသူဖြစ်သောကြောင့် လုံခြုံရေးအရ ၎င်းနှင့် သက်ဆိုင်သည့် နာမည်နှင့် အချက်အလက်များအား ဖော်ပြ ခြင်းမပြုထားပေ။
အလားတူ လွန်ခဲ့သည့် စက်တင်ဘာလဆန်းပိုင်းတွင်လည်း ကလေးမြို့ပေါ်တွင် PDF ယောင်ဆောင်ကာ ပြည်သူများထံ ငွေကြေးတောင်းခံခြင်း၊ ပစ္စည်းတောင်းခံခြင်းနှင့် နေအိမ်ဖောက်ထွင်းခိုယူမှုများ ဖြစ်ပွားခဲ့သည်။