(04SS)
ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် တက်လွေးကျေးရွာတွင် အိမ်ရှင်မရှိသည့်အချိန် နေအိမ်တစ်လုံး မိးလောင်ပြာကျခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ ညနေပိုင်း ၂ နာရီဝန်းကျင်တွင် တက်လွေးရွာရှိ ပျဉ်ထောင်အိမ်တစ်လုံး အိမ်ရှင်မရှိတုန်း ရုတ်တရက်မီးလောင်ကာ ရွာထဲရှိ လူငယ်တွေစုပေါင်းမီးငြိမ်းကြသော်လည်း ၎င်းအိမ်မှာ ဘယ်ပစ္စည်းမှ မထုတ်နိုင်ခဲ့ဘဲ မီးလောင်ပြာကျခဲ့ခြင်းဟု သိရသည်။
“မီးလောင်တဲ့ချိန် အိမ်ရှင်တွေမရှိဘူး၊ ရွာက အသုဘမှာ သွားကြတာ။ အဲမှာ မီးလောင်တယ်ဆိုပြီး လာပြောကြတော့ လူငယ်တွေက ရေပုံးနဲ့မီးသွားငြိမ်းကြတာ ဘာမှ ယူစရာမရှိဘူး။ အိမ်ကတော့ ပြာကျသွားတယ်။ ဒါပေမဲ့ အိမ်ဘေးနားတွေဆက်မလောင်အောင်တော့ မီးသတ်နိုင်ခဲ့ကြတာပေါ့နော်။” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့နောက် မီးခိုးငွေ့များတွေ့ရတာကြောင့် တီးတိန်မြို့မှ မီးသတ်တပ်ဖွဲ့များ ကားဖြင့် ရောက်လာကြကြောင်းလည်း သိရသည်။
ထိုသို့ မီးလောင်ရသည့် အကြောင်းအရင်းကိုတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တက်လွေးရွာသည် တီးတိန်မြို့မှ ၃ မိုင်ခန့်သာကွာဝေးပြီး အိမ်ခြေ ၁၃၅ ဝန်းကျင်နှင့် လူဦးရေ ၇၀၀ မှ ၈၀၀ ဝန်းကျင်ရှိသည်။