(006SV)
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်မှာ ချင်းရိုးရာဓလေ့အတိုင်း သတိုးသမီးတင်တောင်းရာမှ အပြန်လမ်းတွင် ကားတိမ်းမှောက်မှုကြောင့် ကားနှင့်လိုက်ပါလာသူ ၆ ဦးလုံး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
တီးတိန်မြို့နယ်၊ Thal Maul ကျေးရွာမှ သတိုးသား၏ ဆွေမျိုးများသည် တီးတိန်မြို့ပေါ်ရှိ သတိုးသမီးအိမ်သို့ ယမန်နေ့ အောက် တိုဘာလ ၇ ရက်က သတိုးသမီးတင်တောင်းရာမှ အပြန် ညနေ ၅ နာရီခွဲခန့်တွင် ကားတိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
“မင်္ဂလာဆောင်တဲ့ ၂ ဦးက မလေးရှားမှာ ရောက်နေတာ ။ ဒီဘက်မှာရှိတဲ့ သူ့မိဘတွေက ချင်းရိုးရာထုံစံအတိုင်း မနေ့က ရွာဘက်ကနေ တက်လာပြီး မိန်းကလေးကို တင်တောင်းတာဖြစ်တယ်။ တင်တောင်းပြီး အစီအစဉ်တွေ ပြီးတဲ့အချိန် ဆိုင်ကယ်မစီးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ မိန်းကလေးတွေပါ ၆ ဦးက ကားတစ်စီးနဲ့ တီးတိန်းကနေ Thal Maul ကျေးရွာကို ပြန်ကြတယ်။ ကျေးရွာအနားကို မရောက်ခင်မှာ ကားတိမ်းမှောက်ပြီးတော့မှ ခြောက်ယောက်စလုံး ဆုံးသွားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အပါအဝင် သတိုးသား၏ ဆွေမျိုးများထဲမှ ကားနှင့် လိုက်ပါလာသူ အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ အားလုံး သေဆုံးခဲ့သည်ဟု ဒေသခံက ပြောသည်။
အဆိုပါဖြစ်စဉ်ကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် သတိုးသားနှင့် သတိုးသမီးမှာ ယနေ့ အောက်တိုဘာ ၈ ရက်တွင် မလေးရှားနိုင်ငံ EBC KL ဘုရားကျောင်းမှာ မင်္ဂလာပွဲ ကျင်းပမည့် အစီအစဉ်ကို ဖျက်သိမ်းထားရသည်ဟု သိရသည်။
မည်ကဲ့သို့ ယာဉ်မတော်တဆမှု ဖြစ်ပွားရသည်ကို မသိရသေးဘဲ သေဆုံးသူများကို မနက်ဖြန်နှင့် တဘက်ခါတွင် သဂြိုလ်ကြ မည်ဟု သိရသည်။
တီးတိန်မြို့တွင် ယခုရက်ပိုင်းအတွင်း မိုးများသည်းထန်းစွာ ရွာသွန်းနေပြီး ကားလမ်းမ၏ တချို့အစိတ်အပိုင်းများမှာ ပျက်စီးနေသည်ဟု သိရသည်။