(006SV)
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက်သည့် စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော ချင်းလက်နက်ကိုင် တပ်ဖွဲ့ CDF- ထန်တလန်သည် တော်လှန်ရေး ၄ နှစ်တာအတွင်း ရဲဘော် ၆၇ ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ဧပြီလ ၆ ရက်က CDF – ထန်တလန် တည်ထောင်ခြင်း ၄ နှစ်ပြည့် အထိမ်းအမှတ်တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။
လက်ရှိတွင် CDF ထန်တလန်သည် တော်လှန်ရေး ပိုမိုအားကောင်းထိရောက်ရေးအတွက် တပ်အင်အား စနစ်တကျစုဖွဲ့မှုနှင့် စံပြုထိုက်သော အုပ်ချုပ်ရေး ဖော်ဆောင်မှု လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီ၏ လက်ချက်ကြောင့် ထန်တလန်မြို့နယ်ရှိ အရပ်သားပြည်သူ ၁၇ ဦးလည်း သေဆုံးခဲ့ရသည်ဟု သိရသည်။
ထန်တလန်မြို့အပါအဝင် ချင်းပြည်တဝန်းလုံးတွင် စစ်ကောင်စီ ကင်းစင်ရေးနှင့် ချင်းလူမျိုးများ၏ နိုင်ငံရေး ရည်မှန်းချက် ပြည့်မြောက်ရေးအတွက် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့် ရှေ့ဆက်လက်တွဲ ဆောင်ရွက်သွား မည်ဖြစ်ပြီး ချင်းတမျိုးသားလုံး စုစည်းညီညွတ်နိုင်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု CDF ထန်တလန်က ထုတ်ပြန်ထားသည်။
ချင်းပြည်နှင့် ချင်းလူမျိုး လွတ်မြောက်ရေးအတွက် မြင့်မြတ်စွာ ကျဆုံးသွားသူများနှင့် ခန္ဓာကိုယ်အစိတ်အပိုင်း ဆုံးရှုံးခဲ့ရသော ရဲဘော်အားလုံးကို အလေးအနက် ဦးညွတ်အလေးပြုပါသည်ဟု CDF – ထန်တလန်က ဆိုသည်။
၂၀၂၁ ဧပြီလ ၆ ရက်က CDF – ထန်တလန်ကို စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ အဖိနှိပ်ခံ ပြည်သူတရပ်လုံး လွတ်မြောက်ရေး၊ ချင်းလူမျိုးနှင့် ချင်းပြည်ကို ကာကွယ်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်းတီးခွင့် ရရှိရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တည်ထောင်ခဲ့သည်ဟု သိရသည်။
လက်ရှိတော်လှန်ရေး၏ အရေးကြီးသော အချိန်ကာလတွင် ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံးအနေဖြင့် ဥာဏ်ပညာ၊ ငွေကြေးနှင့် ဆုတောင်ခြင်းတို့ဖြင့် ဝိုင်းဝန်းပါဝင်ကြရန် CDF – ထန်တလန်က တိုက်တွန်းထားသည်။