(006SV)
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ခဝဲဗျူဟာကုန်းနှင့် ပွိုင့် ၃၇၇ အခြေကုပ်စခန်းကုန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်ကြောင်း ရက္ခိုင့်တပ်တော် (AA) ၊ သတင်းနှင့် ပြန်ကြားရေးက ယနေ့ ဒီဇင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၇ ရက် နံနက် ၆ နာရီခန့်တွင် ပလက်ဝမြို့ ခဝဲဗျူဟာကုန်းကို အပြီးသိမ်းယူနိုင်ခဲ့ပြီး ဒီဇင်ဘာလ ၂၈ ရက် နံနက် ၉ နာရီခန့်တွင် အိန္ဒိယ- မြန်မာနယ်စပ်၊ ပလက်ဝဒေသအတွင်းရှိ ပွိုင့် ၃၇၇ စစ်ဆင်ရေးအခြေကုပ်စခန်းကုန်းကို အပြီးသတ်သိမ်းပိုက်ထားခြင်းဖြစ်ကြောင်း ရက္ခိုင်တပ်တော်က သတင်းထုတ်ပြန်သည်။
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ခရိုင်ရဲစခန်းကို ဒီဇင်ဘာလ ၂၆ ရက် က သိမ်းယူနိုင်ခဲ့သည်ဟု သိရသည်။
သိမ်းယူနိုင်ခဲ့သော စစ်ကောင်စီစခန်းများမှ အလောင်းအမြောက်အများ၊ လက်နက်ခဲယမ်းများ ၊ စစ်အသုံးအဆောင်ပစ္စည်း အမြောက်အများကို သိမ်းဆည်းရမိခဲ့ပြီး ပုပ်ပွ၍ နေရာအနှံ့ပြန်ကြဲသေဆုံးနေသော စစ်ကောင်စီအလောင်းများကို မြေမြှုပ်သဂြိုလ်ခဲ့ရသည်ဟု ရက္ခိုင့်တပ်တော်က ထုတ်ပြန်သည်။
စစ်ကောင်စီစခန်းများမှ စခန်းစွန့်ခွာ ထွက်ပြေးသွားသူများကို လိုက်လံတိုက်ခိုက်နေသည်ဟု သိရသည်။
ဒီဇင်ဘာလ ၂၆ ရက်မှ ၂၈ ရက်အတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များထဲမှ တချို့ကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိနေသေးသော စစ်ဆင်ရေးပစ်မှတ်များကိုလည်း ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရယူရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု သိရသည်။
ရခိုင်နှင့် ပလက်ဝဒေသက စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင် တိုက်ခိုက်ပြီး အပြီးသတ် သိမ်းယူ ထားပြီး တချို့ပစ်မှတ်များမှာ တစ်ဝက်တစ်ပျက်နှင့် အနည်းငယ်သာ ကျန်ရှိတော့၍ အပြီးသတ် သိမ်းယူနိုင်ရန် ဆက်လက်ကြိုးစားနေသည်ဟု ရက္ခိုင့်တပ်တော်ကဆိုသည်။
ပလက်ဝမြို့နယ်အတွင်းက စစ်ကောင်စီတပ် အခိုင်အမာစခန်းချထားသည့် “တရွန်အိုင်”၊ နှုံးဘူး” ဗျူဟာကုန်းကြီးများ အပါအဝင် စခန်းပေါင်း ၁၇ ခုထက်မနည်းကို ၄၅ ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့သည်ဟု ရက္ခိုင်တပ်တော် AA က ဒီဇင်ဘာလ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။