ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲကြောင့် လုံခြုံရေးအကြောင်းပြချက်ဖြင့် စစ်ကောင်စီတပ်ဖွဲ့က လနှင့်ချီပတ်ပင်ထားသည့် ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်းကို ဒီဇင်ဘာလ ၃ ရက်နေ့က ပြန်ဖွင့်လိုက်ပြီဟု သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နှင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ကိုဆက်သွယ်သော ရေလမ်းကြောင်းကို စစ်ကောင်စီတပ်ဖွဲ့က စစ်ရေးအကြောင်းပြချက်ဖြင့် ၃ လကျော်ကြာ ပိတ်ပင်ခဲ့ခြင်းဖြစ်ပြီး မကြားသေခင်ရက်ပိုင်းက AA နှင့် စစ်ကောင်စီအကြား လူသားချင်းစာနာမှုဆိုင်ရာ ယာယီအပစ်ခတ်ရပ်စဲခဲ့ပြီးနောက် ယခုကဲ့သို့ ရေလမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။
“ထွက်ခွင့်ရှိတယ်ဆိုတော့ စနေနေ့ကတော့ တစ်စီးထွက်တယ်။ ဒီနေ့ပြန်ဆင်းလာတယ်။ ရေကြောင်းပို့ဆောင်ဆက်သွယ်ရေးကပဲ အစိုးရပိုင်ပေါ့ နှစ်စီးရှိတယ်။ သူက ဇက်ပုံစံ ကားတွေပို့တဲ့ဟာ မနေ့ကခရီးသည်တွေလည်းများတယ်။ ထော်လာဂျီတွေရော၊ ဆိုင်ကယ်၊ ကုန်တွေ၊ စားစရာတွေရော တင်ကြတာပဲ။” ဟု ပလက်ဝမြို့ဒေသခံတစ်ဦးက ပြောသည်။
ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းကို စစ်ကောင်စီတပ်က စစ်ရေးအကြောင်းပြချက်ဖြင့် လနှင့်ချီ ပိတ်ပင်းထားခဲ့သည့်အတွက် ပလက်ဝမြို့တွင် အခြေခံစားသောက်ကုန်များ၊ ဆန်၊ ဆီ၊ ဆားနှင့် လောင်စာဆီများ ပြတ်လပ်ခဲ့ရပြီး ဒေသခံပြည်သူများ အခက်ကြုံခဲ့ကြရသည်။
ယခုကဲ့သို့ ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်းများ ပြန်လည်ဖွင့်ပေးသည့်အတွက် ဒေသခံများအတွက်သာမက စစ်ဘေးရှောင်များအတွက်လည်း ရိက္ခာသယ်ယူရေးမှာ အဆင်ပြေလာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောသည်။
“ပြည်သူလူထုဖက်ကစဉ်းစားပေးရင်တော့ ကောင်းတာပေါ့။ တိုက်ပွဲရှောင်တွေက အခု ရိက္ခာပြတ်နေပြီဆိုတော့ ကျွန်တော်တို့လည်း တိုက်ပွဲရှောင်တွေအတွက် ရိက္ခာပြန်တင်လို့ရတာပေါ့၊ ရိက္ခာမပြတ်လပ်တော့ဘူးပေါ့။ မြို့ခံတွေအတွက်ရော အရင်တုန်းက အရမ်းကြပ်တဲ့ဟာတွေ နည်းနည်း ချောင်ချောင်လည်လည်ဖြစ်သွားမယ်လို့ ယုံကြည်ရပါတယ်” ဟု ၎င်းကပြောသည်
ပလက်ဝ-ကျောက်တော်ရေလမ်းကြောင်း ပြန်ဖွင့်ပြီဟုဆိုသော်လည်း စစ်ကောင်စီပိုင် မြန်မာ့ရေကြောင်းမှ ဇက်ရေယာဉ်တစီးသာ သွားလာခွင့်ပြုပြီး ကျန်ဒေသခံပြည်သူများ၏ ခရီးသည်တင် စက်လှေများ၊ ကုန်တင်စက်လှေများ သွားလာခွင့်ကိုမူ ပိတ်ထားဆဲဖြစ်ကြောင်း ပလက်ဝမြို့ခံများထံမှ သိရသည်။