(006SV)
ရခိုင်ပြည်၊ ကျောက်တော်မြို့ပေါ်ရှိ လူစည်ကား နေရာများမှ အရပ်သားပြည်သူများအပေါ် စစ်တပ်၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကို ပြင်းထန်စွာ ရှုတ်ချပြီး အသက်ဆုံးရှုံးရသော ရခိုင်ပြည်သူများနှင့် ထပ်တူ ဝမ်းနည်ကြေကွဲ ရသည်ဟု ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်သည်။
စစ်တပ်၏ ကျောက်တော်မြို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်သူများ အစုအပြုံလိုက် သေဆုံးမှုနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်မှာ ယင်းသို့ ချင်းအမျိုးသားတပ်ဦး (CNF) က ထုတ်ပြန်လာခြင်းဖြစ်သည်။
“ယခုကဲ့သို့ အကြမ်းဖက်စစ်အုပ်စု၏ အပြစ်မဲ့ အရပ်သားများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုသည် သူရဲဘော်ကြောင်သော လုပ်ရပ်ဖြစ်သည့်အပြင် ရက်စက်ကြမ်းကြုတ်သော စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် အကြမ်းဖက်မှု လုပ်ရပ်ဖြစ်သောကြောင့် ပြင်းထန်စွာ ရှုတ်ချသည်” ဟု ချင်းအမျိုးသားတပ်ဦးက ဆိုသည်။
စက်တင်ဘာလ ၂၈ ရက်က အာဏာသိမ်းစစ်တပ်သည် ကျောက်တော်မြို့ရှိ အရပ်သား ပြည်သူများ အသက်မွေးဝမ်းကျောင်း ရေးအတွက် သွားလာလှုပ်ရှားရာ လူစည်းကားရာ နေရာဖြစ်သော အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတာ အနီးတဝိုက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်သည်ဟု သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၅၀ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရပြီး ၆၀ ဦးခန့် ထိခိုက်ဒဏ်ရများ ရရှိခဲ့ကာ ၂၀ ဦးခန့်သည် ထိခိုက်ဒဏ်ရာ ပြင်းထန်ကြောင်း၊ အသက်ဆုံးရှုံးရသူများထဲတွင် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များ လည်း ပါဝင်ကြောင်း သိရသည်။
အသက်ဆုံးရှုံးခဲ့ကြသော ပြည်သူများ၏ မိသားစုဝင်များနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပြီး ထိခိုက်ဒဏ်ရာ ရရှိသူ ပြည်သူများလည်း အမြန်ဆုံး သက်သာကျန်းမာပါစေကြောင်း CNF က ဆုတောင်းမေတ္တာပို့ထားသည်။
စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ရေးနှင့် မိမိတို့ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေး အောင်မြင်ရေးအတွက် ဘုံရည်မှန်းချက် တူညီသော တော်လှန်ရေး အင်အားစုများနှင့် လက်တွဲပြီး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု CNF က ထုတ်ပြန်သည်။
စစ်တပ်၏ အဆိုပါကျောက်တော်မြို့ ဗုံးကြဲတိုက်ခိုက်မှုနှင့် ပတ်သက်၍လည်း ယခုကဲ့သို့ လူမဆန်သော လုပ်ရပ်ကို အပြင်းအထန် ရှုတ်ချကြောင်း မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ (MTC/ MDF) က စက်တင်ဘာလ ၃၀ ရက်မှာ ထုတ်ပြန်သည်။
လူထုကို လက်နက်ဖြင့် ဗိုလ်ကျစိုးမိုးနေသော အာဏာသိမ်းစစ်တပ်ကို မဟာမိတ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA/ AA) အပါအဝင် တော်လှန်ရေး အဖွဲ့အစည်းများနှင့်အတူ ဆက်လက် တော်လှန်တိုက်ပွဲဝင်သွားမည်ဟု MTC/ MDF ထံမှ သိရသည်။
လေကြောင်းတိုက်ခိုက်မှုအတွက် ထိခိုက်သေဆုံးသွားရသော ရခိုင်ပြည်သူများနှင့်ထပ်တူ ဝမ်းနည်းရပါကြောင်း MTC/ MDF က ထုတ်ပြန်ထားသည်။

