(002MG)
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ လုမ်သဲကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနကို စစ်ကောင်စီက ယမန်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တာဝန်ကျ ဆရာမ (၁) ဦးအပါအဝင် အမျိုးသား (၅) ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိသည်ဟု သိရသည်။
နိုဝင်ဘာလ ၂၆ ရက်မွန်းလွဲပိုင်း ၁ နာရီခန့်မှာ စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ (၃) ဦးထက်မနည်းလည်း ပြင်းထန်ဒဏ်ရာရရှိကြသည့်အပြင် လူနေအိမ် ခန့်မှန်းခြေ (၆) အိမ်ခန့်ပျက် စီးသွားသည်ဟု သိရသည်။
လုမ်သဲကျေးရွာသည် ဖလမ်းမြို့နှင့် မိုင် (၂၀) ခန့်ကွာဝေးကာ အိမ်ခြေ (၆၀) နီးပါးရှိသည်ဟုသိရသည်။
နို၀င်ဘာ ၂၅ ရက်နေ့ကလည်း ဖလမ်းမြို့နယ် ဗားရ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်မှု ကြောင့် ဘုရားကျောင်းနှင့်လူနေအိမ်တချို့ပျက်စီးခဲ့သည်။
ချင်းညီနောင်နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပြီးခဲ့သည့် နိုဝင်ဘာလ ၉ ရက်နေ့ကစ၍ ဖလမ်းမြို့တွင် မြို့သိမ်း စစ်ဆင်ရေးစတင်ခဲ့ကြပြီး ယခုဆိုလျှင်နှစ်ပတ်ကျော်ရှိလာပြီဖြစ်သည်။ စစ်ကောင်စီက လေကြောင်းနှင့် လက်နက် ကြီး ပစ်ကူများအလွန်အကျွံအသုံးပြုခဲ့သည်။