ချင်းပြည်နယ် ဖလမ်းမြို့နယ် ဗားလုံကျေးရွာမှလူငယ် ၂ ဦးသည် ဇွန်လ ၃၀ ရက်နေ့က ဆိုင်ကယ်ဖြင့် အလည်သွားစဉ် မိုင်းနင်းမိ၍ တစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ကလေး-ဖလမ်းကားလမ်းမပေါ်တွင်တည်ရှိသော ဗားလုံကျေးရွာမှ ဆလိုင်းဗန်လျန်အုပ်နင့် ဆလိုင်းပီတာဒိမ်လျှန်ဆန်းတို့နစ်ဦးသည် ဇွန်လ ၃၀ ရက်မနက်ပိုင်းက ဇောင်လေးကျေးရွာသို့ အလည်သွားရာ လမ်းခုလပ်တွင် မိုင်းနင်းမိ၍ အသက် ၂၂ နှစ်အရွယ် ဆလိုင်းပီတာဒီမ်လျှန်ဆန်းသည် အခင်းနေရာတွင် ပွဲချင်းသေဆုံးကာ ကျန်တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
“ကလေးကနေ ကစက ယာဉ် ၂၃ စီး ဖလမ်းဖက် ဦးတည်တက်လာကြောင်း ကြားတာနင့် ရွာသူရွာသားအများစုက ကြောက်လို့ဆိုပြီး ထွက်ပြေးပုန်းရှောင်ကြတာ၊ သူတို့နှစ်ဦးက အနီးရွာရှိ သူငယ်ချင်းစီ အလည်သွားမယ်ဆိုပြီး သွားကြတာ၊ သူတို့ထွက်သွားတာ သိမ်မကြာဘူး မိုင်းပေါက်ကွဲသံကြားလိုက်ရတော့ သူတို့နစ်ယောက်လုံး မတော်တစဖြစ်နေပြီဆိုပြီး ထင်မိတဲ့အတိုင်းပဲ တယ်ပဲဖြစ်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့သည် ပြီးခဲ့သည့်ဇွန်လ ၂၇ ရက်နေ့က ကလေးမြို့မှ ချင်းပြည်နယ်သို့ တက်လာကြသည့်အတွက် မိဘပြည်သူများအနေဖြင့် ကလေး-ဖလမ်းကားလမ်းအား ဖြတ်သန်းသွားခြင်း လုံးဝမပြုလုပ်ကြရန် ချင်းအမျိုးသားအဖွဲ့ချုပ် (CNO/CNDF) က အသိပေးထုတ်ပြန်ခဲ့သည်။
စစ်ကား ၂၀ ကျော်ဖြင့် တက်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယခုလက်ရှိတွင် ဗားလုံရွာမရောက် ဇောင်ကောင်းကျေးရွာတွင် ကားရပ်ထားပြီး ရာလ်မောလ်တောင်ပေါ်ဘက်သို့ ခြေလျင်ဖြင့် တက်လာကြသည်ဟု သိရသည်။
ထိုကဲ့သို့ အသိပေးထုတ်ပြန်ထားသည့်အချိန်တွင် အဆိုပါလူငယ်နှစ်ဦး အလည်သွားစဉ်မှာ မိုင်းမတော်တဆနင်းမိကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ပုံစာ – မိုင်းနင်းမိ၍ သေဆုံးသွားသော ဆလိုင်းပီတာဒိမ်လျန်ဆန်း