By မိုးကျော် – မီဇိုရမ်ပြည်နယ်သို့ အထောက်အထားတခုမှမပါပဲ ဘင်္ဂလားဒေရှ့်နိုင်ငံမှခိုးဝင်လာပြီး Vairengte ရဲစစ်ဆေးရေးဂိတ်တွင် အဖမ်းခံရသည့် ရိုဟင်ဂျာအမျိုးသမီး (၈) ဦးတို့အမှုကို တရားဥပဒေအရစစ်ဆေးပြီးမှ အာသံပြည်နယ် Foreigner Detention Center တွင် ပို့သွားမည်ဖြစ်ကြောင်းသိရသည်။
၎င်းတို့ (၈) ဦးကို မီဇိုရမ်ပြည်နယ် Vairengte ရဲစစ်ဆေးရေးဂိတ်တွင် ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါအမျိုးသမီး (၈) ဦးတို့သည် ဘင်္ဂလားဒေရှ့်နိုင်ငံ Sabulara ဒေသ Kutupalong ဒုက္ခသည်စခန်းတွင်နေထိုင်သည့် ရိုဟင်ဂျာ မူစလင် အမျိုးသမီး များဖြစ်ပြီး မီဇိုရမ်ပြည်နယ်နှင့် သာသံပြည်နယ် နယ်စပ်မြို့ Vairengte ရဲစစ်ဆေးဂိတ်တွင် Inner Line Permit (ILP) မရှိသောကြောင့် ဖမ်းဆီးခဲ့ပြီး စစ်ဆေးခဲ့ရာ ရိုဟင်ဂျာများဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံမှတဆင့် မလေးရှားနိုင်ငံသို့ သွားရောက်မည့်သူများဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု Mizoram Inspector General Law & Order ကိုင်တွယ်သူ Pu L.H Shanlian က ပြောဆိုခဲ့ကြောင်း ဒေသထုတ်နေ့စဉ်သတင်း Zonet တွင် ဖော်ပြသည်။
ယခုဖမ်းဆီးထားသော ရိုဟင်ဂျာအမျိုးသမီး ၈ ဦးကို တရားဥပဒေအရ အမှုစစ်ဆေးသွားမည်ဖြစ်ကြောင်း လိုအပ်သည့် စစ်ဆေး ချက်များ ပြုလုပ်ပြီး အာသန်ပြည်နယ်ရှိ Foreigner Detention Center သို့ ပို့ဆောင်သွားမည်ဖြစ်ပြီး လောလောဆယ် Vairengte ရဲစခန်းဌာနတွင် ထားရှိကြောင်း သိရသည်။