(006SV)
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့တွင် စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်- မင်းတပ်တို့ကြား မြို့ပေါ်တိုက်ပွဲများ ပိုမိုအဖြစ်များလာပြီး စစ်ကောင်စီကလည်း အရပ်သားများကို ဖမ်းဆီးစစ်ဆေးမှု ပိုမိုပြုလုပ်လာသည်ဟု ဒေသခံများနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
“ဟိုတနေ့ကပဲ တစ်ရက်ခြားပေါ့ ၊ ခပ်စိတ်စိတ်တွေ ဖြစ်လာတယ်။ အရှေ့ဘက်မှာတစ်နေရာ၊ မြောက်ဘက်မှာလည်း တစ်နေရာ၊ ပြီးတော့ အောက်ဘက် မှာလည်း တစ်နေရာပေါ့။ ဒါပေမဲ့ နှစ်ဖက်စလုံးကတော့ အထိအခိုက်တွေ ရှိ၊ မရှိတွေ မသိရဘူးပေါ့နော်။ စစ်သားကလည်း ပြည်သူကို ပြည်သူမှန်း မသိ၊ ရန်သူကို ရန်သူမှန်းမသိ၊ အကုန်လုံး ရောပြီး လုပ်တယ်။ ဟိုဘက်ကလည်း သူတို့ရဲ့ ပန်းတိုင် မရောက်မချင်း လုပ်ဆောင်ကြတယ်ဆိုတော့ ကြားထဲမှာ ပြည်သူတွေက ဒုက္ခရောက်နေကြတယ်” ဟု မင်းတပ် မြို့ဒေသခံ တစ်ဦးက ပြောသည်။
ယမန်နေ့ ဩဂုတ် ၃၀ ရက်က မင်းတပ်မြို့ပေါ် ဘဝသစ်ရပ်ကွက်နှင့် အရှေ့ပြင် ရဲစခန်းကုန်း စသည့် နှစ်နေရာတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယင်းတိုက်ပွဲကြောင့် စစ်ကောင်စီက ကျောင်းများကို ၅ ရက်ပိတ်ထားပြီး ပြန်ဖွင့်လှစ်နေသော်လည်း ကျောင်းသား/သူ တက် ရောက်သူ အနည်းငယ်သာရှိသည်။
ဆေးရုံမှာ ပြန်လည်ဖွင့်လှစ်နေသော်လည်း စစ်စခန်းထဲတွင် နေထိုင်သော ဆရာဝန်မှာ ဆေးရုံသို့ လူနာလာမကြည့်သည်မှာ တစ်ပတ်ခန့်ရှိသည်ဟု သိရသည်။
မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့၏ မကြာခဏ တိုက်ခိုက်မှုကို ခံနေရသော စစ်ကောင်စီတပ်များသည် အနီးဝန်းကျင်များကို ရမ်းသမ်းပစ်ခတ်ခြင်းနှင့် ဒေသခံများကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုပြုလုပ်လာသည်ဟု သိရသည်။
ဩဂုတ် ၂၅ နှင့် ၂၆ ရက်တို့တွင် စစ်ကောင်စီသည် မြို့ပေါ်မှာ ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အရပ်သား ၆ ဦးကို ဖမ်းဆီးခဲ့ပြီး လက်ရှိတွင် အများစုမှာ ပြန်လွှတ်လာပြီဖြစ်သည်ဟု သိရသည်။
မင်းတပ်မြို့ပေါ်တွင် ချင်းကာကွယ်ရေးတပ်ဖွဲ့က စိမ့်ဝင်ပြီး နေရာပြန်ယူနိုင်ရန် တိုက်စစ်ကဲ့သို့ ပျောက်ကြားထိုးစစ်ဆင်မှုများကို လုပ်ဆောင်လာခြင်းဖြစ်သည်ဟု မင်းတပ်မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့မှ ကိုယောမာန်က ပြောသည်။
“လူငယ်တွေကတော့ ပျောက်ကြားသဘော ခြုံခိုတိုက်ခိုက်တယ်။ စကစက ကင်းလှည့်လာတယ်။ စစ်ကြောင်းလုပ်တယ်ဆိုရင် ခြုံခိုတိုက်ခိုက်တာတွေရှိတယ်။ လူငယ်တွေကတော့ မြို့ပေါ်မှာ စိမ့်ဝင်နေရာယူနေတဲ့သဘောမျိုးပေါ့နော်။ အဲလိုမျိုး စိမ့်ဝင် တိုက်စစ်လို့ ပြောရမလား။ တဖြည်းဖြည်းတော့ နေရာပြန်ယူဖို့ ကြိုးစားနေတာပဲ။ ပြည်သူတွေကတော့ ကြားညှပ်တာပေါ့နော်။ သေနတ်တွေကြားရတော့ စိုးရိမ်းကြောက်လန့်မှုတော့ ရှိတယ်။ ပြည်သူတွေလည်း သတိနဲ့ သွားလာဖို့ပေါ့” ဟု ကိုယောမာန်က ပြောသည်။
မင်းတပ်မြို့ပေါ်က စစ်ကောင်စီ လက်အောက်ခံ ကားတစ်စီးကို ဩဂုတ် ၂၀ ရက်က သိမ်းဆည်းရရှိထားသည်ဟု ချင်းကာကွယ် ရေးတပ်- မင်းတပ်က ဩဂုတ်လ ၂၈ ရက်က အတည်ပြုသည်။
မင်းတပ်မြို့ ပြည်သူ့ဆေးရုံက ကားတစ်စီးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က သိမ်းယူသွားပြီးနောက် ဆေးရုံ၊ ရုံးနှင့် ကျောင်းများ ပိတ်ထားရန် စစ်ကောင်စီက ညွှန်ကြားခဲ့ပြီး လက်ရှိမှာ ပြန်ဖွင့်လှစ်နေပြီဖြစ်သည်။
မင်းတပ်မြို့ပေါ်တွင် စစ်ကောင်စီသည် အရပ်သားပြည်သူများအပေါ် မတရားစွပ်စွဲ ဖမ်းဆီးမှု ပိုမိုများပြားလာသောကြောင့် ပြည်သူများ အထူးသတိပြုနေကြရန် ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) က ထုတ်ပြန်ထားသည်။