(002MG)
ဆန်ပြတ်မူ လချီကြုံနေရသည့် ချင်းပြည်နယ်တောင်ပိုင်း၊ မတူပီမြို့တွင် ယမန်နေ့က ကုန်တင်ကားနှစ်စီးဖြင့် စားသုံးကုန်ပစ္စည်းအပါအဝင် ဆန်အိတ် (၄၀၀) နီးပါး ရှောက်ရှိလာသည်ဟု မတူပီမြို့ခံတစ်ဦးကပြောသည်။
မတူပီမြို့ခံတစ်ဦးက ”မနေ့ကပဲ ကုန်တင်ကားကြီးတွေဝင်တယ် ဆန်ကတော့ အိတ် (၄၀၀) နီးပါးဝင်တယ်၊ လောလောဆယ် ဆန်ပြတ်တဲ့သူတွေအတွက်တော့ လောက်ပါတယ် အဆင်ပြေတယ်။ အကုန်လုံးတအိမ်ထောင်ကိုတ အိတ်ဝယ်ရင်တော့ တဝက်တောင်လောက်မှာမဟုတ်ဘူး၊ နောက်ထပ်ကားတွေလဲဝင်ဖို့ရှိတယ်လို့ ကြားတယ်” ဟုပြောသည်။
အဆိုပါ ဆန်သယ်ကုန်တင်ကားတို့သည် ဂန့်ဂေါ-မတူပီကားလမ်းပိုင်းမှ ရောက်ရှိလာခြင်းဖြစ်ပြီး ဆန်အရေအတွက် အကန့်အသတ်ဖြင့်သာ သယ်ဆောင်ရပြီး အိမ်ဆောက်ပစ္စည်းသုံး ဘိလပ်မြေတို့ကိုမူ တင်ခွင့်မပြုကြောင်း သိရသည်။
လက်ရှိရောက်လာသည့် ပဒေသာ ဆန်တအိတ်လျှင် ကျပ် (၁၂၀၀၀၀) ခန့်ရှိပြီး ကြက်သွန်ဖြူ၊ အနီ တပိသာလျင် ၈၀၀၀ ကျပ်တို့ဖြင့် ဝယ်ယူကြရသည်ဟု သိရသည်။
မတူပီမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က လွန်ခဲ့သော (၃) လခန့်ကတည်းက ကုန်ကားအဝင်/အထွက် ပိတ်ပင်ခဲ့ပြီးနောက် မြို့တွင်း ဆန်ပြတ်လပ်ပြီး ပြည်သူများ စားဝတ်နေရေးခက်ခဲလာကြခြင်းဖြစ်သည်။
မတူပီမြို့တွင်း မြို့မိမြို့ဖနှင့် ဘာသာရေးဆရာတော်များက စစ်ကောင်စီတပ်ဖွဲ့ထံ ခွင့်ပြုချက်တောင်းဆိုကာ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့၏ ခွင့်ပြုချက်တို့ဖြင့် ကုန်တင်ကားများ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်ပြီး မင်းတပ်-မတူပီ ကားလမ်းပိုင်းမှာ ပိတ်ထားဆဲဖြစ်သည်ဟု သိရသည်။