(01RB)
ချင်းပြည်နယ် မတူပီမြို့တွင် အသက် ၈ နှစ်အရွယ် ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မတူပီမြို့ လောင်ဗန်းရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပန်ပန် (Pan Pan) နှင့် ဦးဇော်မင်းတို့၏ အငယ်ဆုံးသမီး ၈ နှစ်ရွယ် Tuem Amang သည် ဖခင်ဖြစ်သူနှင့်အတူ မေလ ၂၅ ရက်နေ့က ပြည်မဖက်မှ မတူပီမြို့သို့ ပြန်လာစဉ် လေမျိုချောင်းအနီးတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု The Matupi Times က ဖော်ပြသည်။
ဦးဇော်မင်းတို့သည် မတူပီမြို့မဝင်ခင် လေမျိုချောင်းတွင် ကားရေထည့်ရန် ရေးဆင်းခပ်နေစဉ် အနီးရှိ မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် သမီးငယ်လေးသည် ညာဖက်ခြေထောက်ပြတ်သွားပြီး လက်တဖက်နှင့် မျက်နှာတွင်လည်း ဒဏ်ရာရရှိသည်ဟု သိရသည်။
ယခုလက်ရှိတွင် မတူပီဆေးရုံတွင် ကုသမှုခံယူနေကြောင်း သိရသည်။