(004SS)
ကလေးမြို့နှင့် ပြည်မဘက်ဆက်သွယ်ရာ အဓိကလမ်းမကြီးတစ်ခုဖြစ်သော မဟာမြိုင်ကားလမ်းမကြီးအား ပြန်ဖွင့်ပြီဖြစ်သော်လည်း ကလေးမြို့တွင် ကုန်ဈေးနှုန်းများ အနည်းငယ်သာကျဆင်းကာ ဆက်လက်မြင့်တက်နေဆဲဟု ဒေသခံများထံမှ သိရသည်။
“ဟိုတစ်ခေါက် ၃ ရက်လောက်လမ်းပွင့်တုန်းကတော့ ပစ္စည်းတော်တော်များများရောက်တယ်။ ဒါပေမဲ့ကုန်ဈေးနှုန်းကတော့ အရင်ကထက်နည်းသွားပေမဲ့ သိပ်မကျနိုင်သေးဘူး” ဟု ကလေးမြို့ဒေသခံတစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ဩဂုတ်လကုန်ပိုင်းတွင် ဓါတ်ဆီ 95 တစ်ဂါလံ ကျပ်၂၀၀၀၀ ကျော်အထိ မြင့်တက်သည့်အပြင် ခွဲတန်းဖြင့်သာ ဝယ်ယူခဲ့ရပြီး ယခုတွင် ၁၇၀၀၀ ကျပ်ဖြင့် လိုအပ်သလောက် ဝယ်ယူနိုင်ကြောင်း သိရသည်။
ထို့အပြင် အခြေခံစားသောက်ကုန်၊ အများစု စားသုံးသည့် ဧရာမင်းကော်ချက် ဆန်တစ်အိတ် – ၁၂၆၀၀၀ ကျပ် (ပြန်မကျ)၊ နေကြာဆီသန့် တစ်ပိသာ – ၁၃၀၀၀ ကျပ်၊ ကြက်ဉ တစ်လုံး – ၄၀၀ ကျပ်စသည်ဖြင့် ဈေးနှုန်းများ ဆက်လက်မြှင့်တက်နေဆဲဟု ဒေသခံများထံမှ သိရသည်။
လွန်ခဲ့သော ဇူလိုင်လဆန်းပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ကလေးမြို့ တောင်ပိုင်းတွင် မကြာခဏ တိုက်ပွဲဖြစ်ပွားမှုကြောင့် လမ်းများပိတ်ကာ ကလေးမြို့သို့ ကားအဝင်မရှိဘဲ ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့ပြီး အချို့ ကုန်စည်များ ပြတ်တောက်မှုရှိခဲ့သည်။
ထို့နောက် ဩဂုတ်လ ၂၆ ရက်နေ့မှစ၍ ၃ ရက်အတွင်း မဟာမြိုင်ကားလမ်းပြန်ဖွင့်ကာ ကလေးမြို့သို့ အချို့ကုန်စည်များ ရောက်ရှိလာခဲ့သော်လည်း ကုန်ဈေးနှုန်းများ အနည်းငယ်သာ ကျဆင်းနေခြင်းဖြစ်သည်။
ယခုလက်ရှိတွင် ပြည်မနှင့် ကလေးမြို့သို့ ဆက်သွယ်ရာ ကားလမ်းများ ပျက်ဆီးမှုနှင့် အတက်ကားများပျက်ဆီးမှုများရှိခြင်းကြောင့် ကလေးမြို့သို့ ကုန်တင်ကားများ ပုံမှန်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များထံမှ သိရသည်။
“လမ်းကတော့ ပွင့်ပြီ ဒါပေမဲ့ လောလောဆယ် လမ်းမကောင်းသေးဘူး၊ မြိုင်ကတော့ပွင့်နေပြီ မုံရွာဘက်လမ်းက ကားပျက်နေလို့ ပိတ်နေတာ၊ ဟိုဘက်ရွှေဘိုဘက်ကျတော့ တိုက်ပွဲအခြေအနေမေကာင်းလို့ ပိတ်နေတာ” ဟု ကားဂိတ်တစ်ခုမှ တာ၀◌န်ရှိသူက ပြောသည်။
ထို့ကြောင့် ကုန်တင်ကားများ ယခင်လို ပုံမှန် သွားလာနိုင်ရန် ကားလမ်းအခြေအနေ၊ တိုက်ပွဲအခြေအနေသာ စောင့်ဆိုင်းနေကြရကြောင်း သိရသည်။
ကုန်စည်များနှင့် အခြေခံစားသောက်ကုန်များအတွက် ကလေးမြို့ကို အဓိကအားထားနေသည့် ချင်းတောင် တီးတိန်နှင့် တွန်ဇံမြို့တွင်လည်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေသည်သာမက အချို့ကုန်ပစ္စည်းများ ပြတ်တောက်မှုရှိသောကြောင့် နေ့စဉ် စားဝတ်နေရေးမှာ အခက်အခဲများ ကြုံတွေ့နေကြရကြောင်း သိရသည်။
“အခုက ဓါတ်ဆီလဲ ဈေးကြီးလို့ မလိုအပ်ဘဲ ဆိုင်ကယ်တွေမသုံးရဲဘူး၊ ဆန်ဈေးကလဲ တစ်သိန်းခွဲလောက်ဆိုတော့ ချွေတာရတာပေါ့၊ ဟင်းတွေဆို တစ်နေ့လာလဲ ဒီဟင်း အပြောင်းအလဲအနေနဲ့လဲ သိပ်မချက်နိုင်တော့ဘူး၊ အရေးပေါ်ဟင်း ကြက်ဉတောင်မစားနိုင်တော့ဘူး” ဟု တီးတိန်မြို့ အိမ်ရှင်မတစ်ဦးက ပြောသည်။